ပွဲကစားချိန်နည်းပါးနေလို့ ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေတဲ့ ချဲလ်ဆီးနောက်ခံလူ ဂတ်စ်တို
နည်းပြအလွန်ဆိုလက်အောက် ပွဲထွက်ခွင့်နေရာ ဆုံးရှုံးသွားပြီးနောက် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ စတမ်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာဖို့ ချဲလ်ဆီးနောက်ခံလူဂတ်စ်တို စဉ်းစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
BBC သတင်းဌာနရဲ့ဖော်ပြချက်အရ အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ၃ ပွဲသာ ပွဲထွက်ခွင့်ရရှိထားတဲ့ အသက် ၂၃ နှစ်အရွယ်ပြင်သစ်လက်ရွေးစင်ကစားသမားက ပွဲကစားရမယ့် အခွင့်အလမ်းနည်းပါးနေမှုအပေါ် စိတ်ပျက်အားမရ ဖြစ်လာနေတယ်လို့ သိရပါတယ်။
ဒဏ်ရာပြဿနာတွေနဲ့အတူ ရီစီဂျိမ်းစ် ရုန်းကန်နေရပေမဲ့ ဂတ်စ်တိုရဲ့နေရာကို လူငယ်ကစားသမားအာချီပေါင်က အပိုင်သိမ်းသွားခဲ့ပါတယ်။
ယခင်က သူ့ကို ယူရို ၈၅ သန်းဝန်းကျင်ဖြင့် ထွက်ခွာခွင့်ပြုဖို့ ဆန္ဒရှိခဲ့ဖူးပြီး မန်စီးတီးလည်း ကစားသမားပြောင်းရွှေ့နိုင်ဖွယ်ရှိတဲ့ ကလပ်အသင်းအဖြစ် ပေါ်ထွက်လာပါတယ်။
လိုင်ယွန်နောက်ခံလူဟောင်းက ချဲလ်ဆီးနည်းပြဟောင်း အန်ဇိုမာရက်စ်ကာနဲ့ ပြန်လည်လက်တွဲနိုင်မယ့် မန်စီးတီးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှု ပြသခဲ့တယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ခုနစ်နှစ်ခွဲစာချုပ်ဖြင့် စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ရောက်ရှိလာတဲ့ ဂတ်စ်တိုက လန်ဒန်ကလပ်အသင်းအတွက် ပွဲ ၁၀၀ ကျော် ပါဝင်ကစားပေးထားကာ လာမယ့်ဇန်နဝါရီလမတိုင်ခင် သူ့ရဲ့ရွေးချယ်စရာလမ်းကြောင်းတွေကို သုံးသပ်ဆုံးဖြတ်သွားပါလိမ့်မယ်။