The network connection is lost.

Banner Image

အာနိုးလ်ရဲ့ဖန်တီးနိုင်စွမ်းကို ဖလော်ရီယန်ဝစ်ဇ် အစားထိုးပေးလိမ့်မယ်လို့ ပြောဆိုလိုက်တဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့ရဲ့အဆိုအရ အခုနွေရာသီ၊ ရီးရဲလ်မက်ဒရစ်ဆီ ဆုံးရှုံးလိုက်ရတဲ့ အာနိုးလ်ရဲ့နေရာမှာ ကစားသမားသစ်ဖလော်ရီယန်ဝစ်ဇ်ရဲ့ဖန်တီးပေးနိုင်စွမ်းက အစားထိုးပေးနိုင်လိမ့်မယ်လို့ သိရပါတယ်။ ဒတ်ချ်လူမျိုးနည်းပြက အသစ်ခေါ်ယူထားတဲ့ ပေါင်သန်း ၂၇၀ တန်ကစားသမားအချို့ကို ထုတ်ဖော်ပြသကာ ဘီလ်ဘာအိုကို ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အပြီး အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ လီဗာပူးအတွက် သွင်းဂိုးတွေကို မိုဆာလက်နဲ့ ဂတ်ပိုတို့က သွင်းယူပေးခဲ့ပါတယ်။

အခုအန်ဖီးလ်ကွင်းပွဲစဉ်အတွင်း ဖလော်ရီယန်ဝစ်ဇ်ရဲ့ခြေစွမ်းကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပြီး သူ့အတွက် ဘာကြောင့်ငွေကြေးအလုံးအရင်းသုံးစွဲခဲ့ရသလဲဆိုတဲ့အချက်ကို အရိပ်အမြွက်ပြသသွားခဲ့ပါတယ်။ အပိုဆုအနေဖြင့် စံချိန်တင်ပြောင်းရွှေ့ကြေးရှင်က ဗြိတိန်သားတစ်ဦးထံမှမြင်တွေ့ရလေ့ရှိတဲ့အရာတွေအပြင် လိမ္မာပါးနပ်လွန်းတဲ့ဘောလုံးထိချက်တွေနဲ့အတူ အဖွင့်ဂိုးရရှိဖို့အတွက် အနီးစပ်ဆုံးဖြစ်အောင် စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။

ပွဲစဉ်အပြီး အန်းစလော့က “ နေရာတိုင်းမှာ တိုးတက်ဖို့အတွက် အခန်းကဏ္ဍတွေ အမြဲတမ်းရှိနေသေးတယ်လို့ ထင်ပါတယ်။ ကျွန်တော့်အမြင်အရတော့ အပိုဆောင်းလက်နက်အချို့ကို ထည့်သွင်းထားပြီးပြီလို့ ယူဆမိပါတယ်။ ဖလော်ရီယန်ဝစ်ဇ်မှာ တိုက်စစ်ပိုင်းအတွက် ဖန်တီးနိုင်မှုစွမ်းရည်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့က အာနိုးလ်နဲ့အတူ ခံစစ်ပိုင်းမှတဆင့် ဖန်တီးပေးနိုင်မှုစွမ်းရည်တွေ အများကြီးဆုံးရှုံးခဲ့ပြီးပါပြီ။အာနိုးလ်ရဲ့ဖြတ်တင်ဘောတွေနဲ့ စည်းချက်ကျကျကစားနိုင်စွမ်းက တကယ့်ကိုထူးရှယ်ဖြစ်ပါတယ်။ ဖလော်ရီယန်ဝစ်ဇ်မှာလည်း ဒီလိုစွမ်းရည်မျိုးကို မတူညီတဲ့နေရာယူမှုပုံစံမျိုးနဲ့ အပြည့်အဝရှိထားပါတယ်။ သူက အဲ့ဒီလိုဖန်တီးပေးနိုင်စွမ်းကို သယ်ဆောင်လာပါပြီ”လို့ ပြောပါတယ်။

အခုပွဲစဉ်မှာ ဖလော်ရီယန်ဝစ်ဇ်နဲ့အတူ လီဗာပူးအသင်းအသစ်ခေါ်ယူထားတဲ့ ဖရင်းပေါင်၊ ကာကက်ဇ်နဲ့ ဟူဂိုအီကီတီကီတို့လည်း အသင်းမှာ ကောင်းကောင်းအခြေကျလာပြီဆိုတာကို ပြသသွားခဲ့ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ဖျားနာနေတဲ့ဗန်ဒိုက်၊ ဒဏ်ရာရရှိနေတဲ့ဂျိုးဂိုးမက်ဇ်တို့ကြောင့် လီဗာပူးအသင်းခံစစ်ပိုင်းမှာ အားနည်းချက်အချို့ရှိခဲ့ပြီး ဘီလ်ဘာအိုအတွက် ချေပဂိုးတွေကို အလွတ်တည်ကန်ဘောတွေမှတဆင့် အလွယ်တကူခွင့်ပြုပေးခဲ့ရပါတယ်။

အန်းစလော့က “ အခြားရာသီကြိုခြေစမ်းပွဲစဉ်တွေမှာတုန်းက ကျွန်တော်တို့တွေ ပြိုင်ဘက်အတွက် အခွင့်အရေးတွေ အများကြီးခွင့်ပြုပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့က ပြိုင်ဘက်ကို အခွင့်အရေးတွေဖန်တီးနိုင်ဖို့ လုံးဝလက်မခံပေးခဲ့ပါဘူး။ ဒီအချက်ကတော့ ကျွန်တော့်ကို ကောင်းကောင်းကျေနပ်စေပါတယ်။ အလွတ်တည်ကန်ဘောမှတဆင့် နှစ်ဂိုးပေးလိုက်ရတဲ့ကိစ္စကလည်း လက်သင့်ခံနိုင်စရာ မဟုတ်ပါဘူး။အထူးသဖြင့် လာမယ့်သီတင်းပတ်၊ အလွတ်တည်ကန်ဘောအပိုင်းမှာ အားကောင်းလွန်းလှတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရဖို့ရှိနေချိန်မှာပေါ့။ ကျွန်တော်တို့တွေ ဒီအချက်ကို ပြင်ဆင်သွားရပါမယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

အခုပွဲစဉ်မတိုင်ခင် အစောပိုင်းမှာကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ခြေစမ်းပွဲစဉ်မှာလည်း လီဗာပူးက အန်ဂူမိုဟာ၊ ဒါဝင်နူနက်ဇ်၊ ပက်ဒဲလာ၊ အီလီယော့တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။