ချဲလ်ဆီးမှာ ဆက်မနေဘဲ လီဗာပူးဆီ ဘာကြောင့်ပြောင်းရွှေ့ခဲ့သလဲဆိုတာ အန်ဂူမိုဟာ ဖွင့်ဟ
ရီယိုအန်ဂူမိုဟာက ချဲလ်ဆီးမှထွက်ခွာကာ ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးဆီ ဘာကြောင့်ပြောင်းရွှေ့ခဲ့သလဲဆိုတာကို ရှင်းလင်းပြောကြားလိုက်ပါတယ်။
လက်ရှိ အသက် ၁၈ နှစ်အရွယ်ကစားသမားလေးက ချဲလ်ဆီးရဲ့လူငယ်အကယ်ဒမီမှာ ရှိချိန်ကတည်းကပင် စိတ်လှုပ်ရှားဖွယ် အနာဂတ်တိုက်စစ်ကြယ်ပွင့်တွေအနက် တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ငယ်ဘဝကလပ်အသင်းချဲလ်ဆီးရဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ကမ်းလှမ်းမှု ရှိခဲ့ပေမဲ့ စီနီယာအသင်းကြီးဆီ တက်လှမ်းနိုင်မယ့် လမ်းကြောင်း ပိုမိုရှင်းလင်းတယ်ဆိုတဲ့ ခံစားချက်နဲ့အတူ လီဗာပူးဆီပြောင်းရွှေ့ဖို့ အန်ဂူမိုဟာ ရွေးချယ်ခဲ့ပါတယ်။
The Independent နဲ့ အင်တာဗျူးမှာ လူငယ်ကစားသမားလေးက "ကျွန်တော့်မှာ စိန်ခေါ်မှုအသစ်တစ်ခု လိုအပ်တယ်လို့ ခံစားခဲ့ရပါတယ်"
"အကယ်၍ ချဲလ်ဆီးမှာသာ ဆက်နေခဲ့ရင်... ကိုယ့်ရဲ့အရည်အချင်းကို ယုံကြည်တာကြောင့် စီနီယာအသင်းကြီးဆီ အမြန်ဆုံးမရောက်နိုင်ဘူးလို့ ပြောတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ လီဗာပူးက ကျွန်တော့်အတွက် လမ်းကြောင်းသစ်တစ်ခု ပေးခဲ့တယ်လို့ ခံစားရပါတယ်။ ကျွန်တော့်အတွက် သူတို့ ချမှတ်ပေးခဲ့တဲ့ အစီအစဉ်က တကယ်ကို ရှင်းလင်းတိကျခဲ့ပါတယ်"
"ကျွန်တော့်အတွက်တော့ လီဗာပူးဆီ သွားဖို့ဆိုတာ စဉ်းစားနေစရာတောင် မလိုတဲ့ ကိစ္စတစ်ခုပါပဲ။ ကျွန်တော့်မှာ ဘယ်လောက်အထိ အရည်အချင်းရှိလဲဆိုတာ သူတို့ သိထားကြလို့ ကိုယ့်ကိုယ်ကိုယ်သက်သေပြနိုင်ရင် စီနီယာအသင်းကြီးအတွက် ကစားသမားတစ်ဦး သေချာပေါက် ဖြစ်လာနိုင်ပါတယ်။ သူတို့အတွက်လည်း ကြယ်ပွင့်တစ်ဦး သေချာပေါက်ဖြစ်လာလိမ့်မယ်လို့ သူတို့ကိုယ်တိုင် ပြောခဲ့ကြပါတယ်"
"အခုအချိန်အထိတော့ လီဗာပူးဆီ ပြောင်းရွှေ့ခဲ့မှုက မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။
ဒီတောင်ပံကစားသမားလေးက အခုရာသီ၊ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲ ပါဝင်ကစားပေးထားပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ရှစ်ပွဲမှာ တစ်ကြိမ်သာ ပွဲထွက်ခွင့် ရရှိထားပါတယ်။