အီရာအိုလာရဲ့စီမံကိန်းမှာ ဒုတိယအကြိမ်အခွင့်အရေးရရှိဖို့ မျှော်လင့်နေတဲ့ အယ်လီယော့
အယ်လီယော့က အခုရာသီကြိုကာလအတွင်း လီဗာပူးနည်းပြသစ်အီရာအိုလာဆီ သူ့ရဲ့တန်ဖိုးကို သက်သေပြနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားက လီဗာပူးအသင်းရဲ့ အမေရိကန်ရာသီကြိုခရီးစဉ်အတွင်း ဆန်းဒါးလန်း၊ ၀ရက်ဇ်ဟမ်းတို့နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး အသင်းအတွက် နိုင်ပွဲရရှိအောင် ကူညီပေးခဲ့ပါတယ်။
လတ်တလောမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ လီဗာပူးအသင်းရဲ့အဓိကကြယ်ပွင့်တွေ အားလပ်ရက် ရရှိထားကြလို့ အခုနွေရာသီ၊ အသင်းဆီ ပြန်ရောက်လာတဲ့ အယ်လီယော့အတွက် နည်းပြသစ်အီရာအိုလာမျက်စိကျလာအောင် အစွမ်းပြဖို့ အခွင့်အရေး ရရှိထားပါတယ်။
၂၀၁၉ ခုနှစ်၊ ဖူလ်ဟမ်မှ ပြောင်းရွှေ့လာတဲ့ အယ်လီယော့က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ၊ ယာဂန်ကလော့ပ်လက်အောက်မှာ စီနီယာအသင်းလူစာရင်းဆီ ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ နည်းပြဟောင်းအန်းစလော့က သူ့ကို အက်စတွန်ဗီလာဆီ အငှားချခဲ့ပါတယ်။
တဖက်မှာလည်း အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီက ပွဲအရေအတွက်အပေါ်မူတည်ပြီးပေးချေရမယ့် ပေါင် ၃၅ သန်းတန် အပြီးသတ်ဝယ်ယူခွင့်စည်းကမ်းချက် အသက်မဝင်အောင် အယ်လီယော့ကို ရာသီနှောင်းပိုင်းပွဲစဉ်တွေမှာ ချန်လှပ်ထားခဲ့ပါတယ်။
ဒါကြောင့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီက အယ်လီယော့အတွက် အသင်းမှာ နေရာရရှိရေး ကြိုးစားဖို့ နောက်ဆုံးအခွင့်အရေးလို ဖြစ်နေပြီး သူကိုယ်တိုင်ကလည်း ရှေ့မှာရှိတဲ့ စိန်ခေါ်မှုတွေအတွက် အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။
"ကျွန်တော် ဒီကလပ်ကို ဘယ်လောက်ချစ်လဲဆိုတာ လူတိုင်းသိပါတယ်။ ငယ်ငယ်လေးကတည်းက အားပေးလာခဲ့တဲ့ အသင်းဖြစ်နေလို့ ဒီဂျာစီကို ဝတ်ပြီး အသင်းအတွက် ကိုယ်စားပြုကစားရတယ်ဆိုတာ အမြဲတမ်းထူးခြားတဲ့ခံစားချက်ပါပဲ။ ဒါ ကျွန်တော့်ရဲ့ ငယ်ဘဝ အိပ်မက်ပါ။ ဒီဂျာစီကို ဝတ်ပြီး ကွင်းထဲဆင်းချိန်တိုင်း ကျွန်တော် ရာနှုန်းပြည့် ပေးဆပ်ကစားသွားပါမယ်" လို့ သူက ဆိုပါတယ်။
"ပြီးခဲ့တဲ့ရာသီမှာတော့ ကျွန်တော် အတွေ့အကြုံသစ်တွေ ရချင်လို့ အငှားသွားကစားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အဲဒီမှာ ထင်သလောက် အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ နည်းပြသစ်နဲ့ အဖွဲ့သားသစ်တွေအောက်မှာ ကျွန်တော့်အတွက် ဒုတိယအကြိမ် အခွင့်အရေး ရှိနေပါပြီ။ အစွမ်းပြဖို့ အချိန်ကောင်းပါပဲ"
"အခု ဒီမှာ ကျွန်တော် ရှိနေပါပြီ။ အသင်းမှာ ပွဲထွက်ခွင့် ဒါမှမဟုတ် လူစာရင်းထဲမှာ နေရာတစ်နေရာ အခိုင်အမာရဖို့အတွက် အစွမ်းကုန် ကြိုးစားသွားပါမယ်" လို့ အယ်လီယော့က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။