The network connection is lost.

Banner Image

ရာသီသစ်မှာ အကောင်းဆုံးခြေစွမ်းပြထားတဲ့ လီဗာပူးကြယ်ပွင့်ကို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးလို့ ရှရင်ဂမ်ချီးကျူး

ပရီးမီးယားလိဂ်ဂန္ထဝင်တက်ဒီရှရင်ဟမ်က လီဗာပူးတိုက်စစ်မှူးအီဆက်ကို အကောင်းဆုံးပုံစံဆီ ပြန်လည်ရောက်ရှိလာနေသူလို့ ချီးကျူးပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လေးဂိုးသာသွင်းယူနိုင်ခဲ့တဲ့ အီဆက်က ရိုမေးနီးယားနဲ့ရင်ဆိုင်ရတဲ့ ဆွီဒင်ရဲ့နေးရှင်းလိဂ်အဖွင့်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့သလို အခုဘောလုံးရာသီအဖွင့်၊ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲမှာလည်း လေးဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

သူက ပြီးခဲ့တဲ့ဧပြီလ၊ ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာ ခြေဖနောင့်ဒဏ်ရာရရှိသွားမှုနဲ့အတူ ဒီဇင်ဘာလအထိ အနားယူနေရတဲ့ ဟူဂိုအီကီတီကီနေရာကို အစားထိုးဝင်ရောက်ရင်း လီဗာပူးအတွက် အံ့မခန်းစွမ်းဆောင်ရည်မျိုး ပြသပေးနေပါတယ်။

အခုဘောလုံးရာသီမှာ အီဆက်က အီရာအိုလာလက်အောက် တည်ငြိမ်တဲ့စွမ်းဆောင်ရည်နဲ့ ကစားပုံအရှိန်အဟုန်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ရှရင်ဂမ်ရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးတိုက်စစ်မှူးဆိုတဲ့ ချီးကျူးမှုကိုလည်း ရရှိခဲ့ပါတယ်။

ရှရင်ဂမ်က "အီဆက်ကို ကျွန်တော် တကယ် သဘောကျပါတယ်။ အထောင်တိုက်စစ်မှူးတစ်ဦးအဖြစ် သူလုပ်ပေးနိုင်တဲ့အရာတွေကို ကျွန်တော် ကြိုက်ပါတယ်။ ပြီးခဲတဲ့ရာသီမှာ သူ အဆင်မပြေခဲ့ဘူးဆိုတာ သိသာပေမဲ့ အဲ့ဒီတုန်းက လီဗာပူးအခြေအနေတစ်ခုလုံး မှားယွင်းနေခဲ့တာပါ။ အထောင်တိုက်စစ်မှူးနှစ်ဦးကို တွဲကစားခိုင်းခဲ့ပြီး ဒါက ဘယ်သူ့အတွက်မှ အဆင်မပြေခဲ့ပါဘူး"

"ကျွန်တော့်အတွက်တော့ သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးပါပဲ။ သူက တကယ့်ကို ထူးချွန်လွန်းပါတယ်။ ဒီနှစ်မှာ သူ ရွှေဖိနပ်ဆုရတာကို မြင်ချင်သလို ဟာလန်းကို ကျော်ဖြတ်ဖို့ သက်သက်သာမက အီဆက်ကစားတဲ့ပုံစံနဲ့ သွင်းဂိုးတွေအပေါ် သူ့ရဲ့ဆာလောင်မှု ဘယ်လောက်တောင်ရှိသလဲဆိုတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်"

"ကွင်းတွင်း သူ့ရဲ့စိတ်နေစိတ်ထားကိုလည်း ကျွန်တော် သဘောကျပါတယ်။ သူက ဂိုးတွေ သွင်းချင်သလို ဂိုးတွေလည်း သွင်းယူနိုင်စွမ်း ရှိပြီး အစ်ဆွစ်တောင်းနဲ့ပွဲစဉ်မှာ သူ့ရဲ့သွင်းဂိုးတွေဆိုတာ အံ့ဩစရာ ကောင်းခဲ့ပါတယ်"

"ဒါကို အခုဘောလုံးရာသီ၊ အခြားသောပရီးမီးယားလိဂ်ကလပ်အသင်းတွေ စိုးရိမ်သင့်ပြီး  ကျွန်တော်တော့ သဘောကျပါတယ်။ အီဆက်က အကောင်းဆုံးပုံစံဆီ ပြန်ရောက်ရှိနေပုံ ရပါတယ်။ ပြတ်သားတဲ့ အဆုံးသတ်ကန်ချက်တွေအပြင် သူ့ခြေထောက်မှ ဘောလုံးထွက်သွားတာနဲ့ ဂိုးပေါက်ဆီ ဒိုင်းခနဲ ဝင်ရောက်သွားတာပါပဲ!"

"သူက ဘယ်ညာတောင်ပံနှစ်ဖက်လုံးမှ ဂိုးပေါက် ဘယ်မှာရှိသလဲဆိုတာကို သိသလို ပင်နယ်တီဧရိယာထဲမှာလည်း တကယ့်ကို ထူးချွန်လွန်းပါတယ်။ အချိန်မှန်နေရာမှန်ရှိနေပြီး အခွင့်အရေးတွေကို အမိအရ အသုံးချပါတယ်"

"တခြားတိုက်စစ်မှူးတွေ ပင်နယ်တီအစက်နားမှာ ငြိမ်ငြိမ်လေးရပ်နေချိန် သူက ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို စောင့်ကြည့်ပြီး ဧရိယာထဲမှာ အမြဲတမ်းလှုပ်ရှားနေပါတယ်။ ဘုန်းမောက်နဲ့ပွဲစဉ်မှာဆိုရင် ဒါကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်"

"သူ့ဆီ ဘောလုံး အလိုလိုရောက်လာသလို ထင်ရနိုင်ပေမဲ့ သူ့ရဲ့ကြိုတင်လှုပ်ရှားမှုနဲ့ အရှိန်အဟုန်ကြောင့်သာ သူကိုယ်တိုင်လည်း အဲ့ဒီနေရာဆီ ရောက်သွားစေခဲ့တာပါ။ ဒါတွေအားလုံးက ကိုယ်လုပ်တဲ့အလုပ်မှာ ကမ္ဘာ့အကောင်းဆုံးဖြစ်လာစေမယ့် စစ်မှန်တဲ့ ဂိုးသွင်းအရည်အချင်းတွေ ပြည့်စုံနေတဲ့ တိုက်စစ်မှူးတစ်ဦးရဲ့လက္ခဏာရပ်တွေချည်းပါပဲ" လို့ ဆိုပါတယ်။

အီဆက်က အခုနိုင်ငံတကာသီတင်းပတ်မှာ ပေါင်ကြွက်သားဒဏ်ရာနဲ့အတူ ဆေးကုသမှုခံယူဖို့အတွက် လီဗာပူးဆီ ပြန်လည်ရောက်ရှိနေပါတယ်။ ဒါက အသက် ၂၇ နှစ်အရွယ်ကစားသမားအတွက် စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်ပါတယ်။