ဘရူနိုဖာနန်ဒက်စ်အပေါ် ယူနိုက်တက်တို့ အလွန်အမင်းမှီခိုနေရတယ်လို့ ဆာဟာပြောကြား
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းနဲ့ ပရီးမီးယားလိဂ်ဂန္တဝင် လူးဝစ်ဆာဟာက သရဲနီတွေရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ မဖြစ်မနေလိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ ယူနိုက်တက်က ဘရိုက်တန်ဆီ ကာလရှည်ပစ်မှတ်ဘာလီဘာကို ခေါ်ယူဖို့အတွက် ပေါင် ၆၅ သန်းဖြင့် ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ယူနိုက်တက်က ပြီးခဲ့တဲ့တစ်နှစ်ကျော်ကာလကတည်းက ဘာလီဘာရဲ့ခြေစွမ်းကို သဘောကျနေခဲ့ပြီး အခုနွေရာသီ၊ စာချုပ်သက်တမ်းကုန်ဆုံးကာ အသင်းမှထွက်ခွာသွားတဲ့ ကတ်စ်မဲရိုးရဲ့နေရာကို အစားထိုးဖို့ အသင့်တော်ဆုံးကစားသမားတစ်ဦးလို့ ရှုမြင်ထားပါတယ်။
နည်းပြကာရစ်ကတော့ ချဲလ်ဆီးကွင်းလယ်လူဆန်းတို့စ်ကို ပေါင် ၄၈ သန်းဖြင့် ခေါ်ယူထားသလို ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာလည်း အက်စတွန်ဗီလာကစားသမားတိုင်လီမန်းစ်ကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။
Mr Gamble နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆာဟာက လာမယ့်ရာသီ၊ ပြိုင်ပွဲစုံယှဉ်ပြိုင်ရတော့မယ့် ယူနိုက်တက်ကို အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်အတွက် ဖိအားတွေ လျှော့ချပေးနိုင်ဖို့ ကွင်းလယ်ပိုင်းအင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားရမယ်လို့ အကြံပြုခဲ့ပါတယ်။
"ဒါက တိုက်စစ်မှူးတွေတင် မဟုတ်ပါဘူး။ ယူနိုက်တက်ရဲ့ ဂိုးဖန်တီးပေးသူတွေကိုယ်တိုင် ပိုပြီးစွမ်းဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ သူတို့က ဘရူနိုဖာနန်ဒက်စ်အပေါ် အလွန်အမင်း မှီခိုနေရပါတယ်။ သူ့အပေါ်မှာ ဖိအားတွေ အများကြီးရှိနေသလို ကစားသမားတစ်ဦးတည်းအပေါ်အားကိုးနေရတယ်ဆိုတာ ဘယ်အသင်းအတွက်မဆို ကောင်းမွန်တဲ့အရာမျိုး မဟုတ်ပါဘူး။
လက်ရှိ ယူနိုက်တက်မှာ အမ်ဘွေမို၊ ကွန်ဟာနဲ့ အာမက်ဒီယာလိုတို့လို ကစားသမားကောင်းတွေ ရှိပေမဲ့ သူတို့က ဒီရာသီမှာ ခြေစွမ်းပိုပြဖို့နဲ့ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပိုပြီး လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ အသင်းက ပိုပြီးဟန်ချက်ညီလာနိုင်သလို တိုက်စစ်ပိုင်းအတွက်လည်း ရွေးချယ်စရာတွေ ပိုများလာနိုင်ပါတယ်။
တိုင်လီမန်းစ်က မန်ချက်စတာယူနိုက်တက်အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ သူက တိုက်စစ်မှူးတွေအတွက် အမြဲတမ်းဦးစားပေးကြည့်တတ်တဲ့ ဗဟိုကွင်းလယ်လူတစ်ဦး ဖြစ်လို့ပါပဲ။ သူက တစ်ဦးချင်းရင်ဆိုင်မှုတွေ ဖြစ်လာစေဖို့အတွက် ကွင်းလယ်လွတ်နေရာတွေမှတဆင့် ဘောလုံးပေးပို့ပြီး ကူညီပေးနိုင်ပါတယ်" လို့ ဆာဟာက ဆိုပါတယ်။
ပြီးခဲ့တဲ့ရာသီ၊ ဘရိုက်တန်အသင်းအတွက် ၃၅ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ် ၉၂ ပွဲအထိ ပါဝင်ကစားပေထားတဲ့ ဘာလီဘာက အခုနွေရာသီမှာ အသင်းပြောင်းရွှေ့သွားဖွယ်ရှိနေပြီး ယူနိုက်တက်ရဲ့ကွင်းလယ်ပိုင်းအခက်အခဲတွေကို ကူညီဖြေရှင်းပေးသူ ဖြစ်လာနိုင်ပါတယ်။