ပရီးမီးယားလိဂ်လန်ဒန်ဒါဘီမှာ ချဲလ်ဆီးအတွက် ဘယ်လိုအခွင့်အလမ်းကောင်းတွေ ရှိသလဲဆိုတာ ဖွင့်ဟလာတဲ့ ဂျွန်တယ်ရီ
၂၀၂၆-၂၀၂၇ ဘောလုံးရာသီစတင်ချိန်၊ ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ ကလပ်အသင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုအဖြစ် ဒီနေ့(တနင်္ဂနွေညပိုင်း)မှာ ချဲလ်ဆီးက ပရီးမီးယားလိဂ်လက်ရှိချန်ပီယံအာဆင်နယ်နဲ့ ရင်ဆိုင်ကစားသွားရပါမယ်။
ဇာဘီအလွန်ဆိုရဲ့အသင်းက ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ နှစ်ဂိုး၊ ဘရိုက်တန်နဲ့အိမ်ကွင်းပွဲစဉ်မှာ သုံးဂိုးအထိ ခွင့်ပြုပေးခဲ့ရလို့ ခံစစ်ပိုင်း အလှုပ်အခတ်ရှိနေပေမဲ့ အနိုင်ရလဒ်ကိုတော့ ဖော်ဆောင်နိုင်ခဲ့ပါတယ်။
အာဆင်နယ်ရဲ့ခံစစ်ပိုင်းကတော့ ထုံးစံအတိုင်း အလွန်တောင့်တင်းခိုင်မာနေပြီး ကိုဗင်ထရီ၊ အက်စတွန်ဗီလာတို့ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်တွေမှာ ဂိုးမပေးရအောင် ကာကွယ်နိုင်ခဲ့ပါတယ်။
ဆာလီဘာကို ဒဏ်ရာကြောင့် လက်လွှတ်ထားရတဲ့ အာဆင်နယ်နည်းပြအာတီတာက ရှေ့ပွဲစဉ်နှစ်ခုလုံးမှာ ခံစစ်ပိုင်းစုဖွဲ့မှုကို မပြောင်းလဲခဲ့သလို သူ့ရဲ့မိတ်ဆွေဟောင်းအလွန်ဆိုနဲ့တွေ့ဆုံချိန်မှာလည်း အပြောင်းအလဲပြုလုပ်သွားဖို့ မရှိဘူးလို့ ယူဆရပါတယ်။
အမ်းမရိတ်စ်ကွင်းဒါဘီပွဲစဉ်မတိုင်ခင် ချဲလ်ဆီးကပ္ပတိန်ဟောင်းဂျွန်တယ်ရီက အာဆင်နယ်ရဲ့တောင့်တင်းလှတဲ့ခံစစ်ပိုင်းမှာ အားနည်းချက်ဆိုတာလည်း ရှိလာနိုင်လို့ အလွန်ဆိုရဲ့အသင်းအတွက် မစိုးရိမ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဂျွန်တယ်ရီက "ဒီလိုဗဟိုနောက်ခံလူတွေကြားမှာ ဘယ်လိုအခွင့်အရေးတွေ ရယူမလဲ? ကွင်းလယ်နေရာလွတ်တွေနဲ့ တောင်ပံလမ်းကြောင်းတွေမှာပေါ့။ ဒီနေရာအတွက် ကျွန်တော်တို့ဆီမှာ နက်တို၊ အက်စ်တီဗာအိုနဲ့ မော်ဂန်ရိုဂျာစ်တို့ ရှိနေလို့ တကယ့်ကို အားကောင်းတဲ့အချက်ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါက အဓိကသော့ချက် ဖြစ်လာပါလိမ့်မယ်။
အကယ်၍ ပွဲချိန် မိနစ် ၆၀၊ ၇၀ လောက်အထိ ရောက်လာချိန်ကျရင် သူတို့ကို သက်သောင့်သက်သာနဲ့ ကာကွယ်မှုကောင်းကောင်းရရှိထားတဲ့ ဗဟိုခံစစ်ဇုန်တွေမှ ဆွဲထုတ်ချင်ကြပါလိမ့်မယ်။
ဗဟိုခံစစ်မှူးတွေသာ တောင်ပံနေရာတွေဆီ ရောက်ရှိသွားရင် ကစားပုံ သီးခြားဖြစ်သွားပြီး ခံစစ်ပိုင်းမှာ နေရာလွတ်တွေ ပိုမိုဖြစ်ပေါ်လာစေပါလိမ့်မယ်။
ကျွန်တော်တို့သာ တန်ပြန်တိုက်စစ်တွေမှတဆင့် ဒီလိုပုံစံမျိုးတွေ ပိုမိုလုပ်ဆောင်နိုင်မယ်ဆိုရင် အခွင့်အရေးတွေ ရရှိလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဘန်ဝှိုက်ရော၊ ကာလာဖီအိုရီပါ တိုက်စစ်လိုက်ပါကစားကြလို့ပါပဲ။
ဒါကြောင့် ကျွန်တော့်အမြင်အရတော့ အာဆင်နယ်ရဲ့တောင်ပံတိုက်စစ်ဆင်မှုတွေ များပြားလာတာနဲ့အမျှ သူတို့ကို အခွင့်ကောင်းယူနိုင်မယ့် နေရာလွတ်တွေ ထွက်ပေါ်လာပါလိမ့်မယ်" လို့ ဆိုပါတယ်။