
လူစာရင်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းပြောကြားလာတဲ့ အလွန်ဆို
ရီးရဲလ်နည်းပြ အလွန်ဆိုက မိမိတို့အနေနဲ့ လူစာရင်းကို အလှည့်ကျအသုံးပြုသွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ မာဆေးလ်အသင်းနဲ့ချန်ပီယံလိဂ်ပွဲမှာ ဗင်နီဆီးယက်စ်တစ်ယောက် အရန်ခုံမှာသာ ပါဝင်ခဲ့ပြီး ရိုဒရီဂိုက ဘယ်တောင်ပံနေရာမှာ ပါဝင်လာခဲ့ပါတယ်။ အရန်ခုံမှာသာ ထိုင်ခဲ့ရပေမယ့်လည်း အလွန်ဆိုက ဗင်နီဟာ အသင်းရဲ့အရေးပါတဲ့ကစားသမားဖြစ်နေဆဲလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်ပထမဆုံးပွဲမှာ ရီးရဲလ်အသင်းဟာ မာဆေးလ်အသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီး ဘာပေရဲ့ပင်နယ်တီနဲ့ အနိုင်ရခဲ့ပါတယ်။ အဆိုပါပွဲမှာ လူစာရင်းကအားလုံးအတွက် စိတ်ဝင်စားစရာဖြစ်ခဲ့ပြီး နွေရာသီတစ်လျှောက်အသင်းကနေထွက်ခွာဖို့ နာမည်ကြီးခဲ့တဲ့ ရိုဒရီဂိုက ဗင်နီကိုကျော်ဖြတ်ပြီး ပွဲထွက်လာခဲ့ပါတယ်။
ဗင်နီဟာ ပြီးခဲ့တဲ့နောက်ဆုံး ၄ ရာသီအတွင်း ချန်ပီယံလိဂ်မှာဆက်တိုက်ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ ပြီးခဲတဲ့ရာသီတုန်းက ဘရာဇီးသားဟာ မက်ဒရစ်အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး အာဆင်နယ်ကိုတော့ ကွာတားဖိုင်နယ်မှာ အရေးနိမ့်ကာ ထွက်ခွာခဲ့ရပါတယ်။
ဒါပေမယ့်လည်း အခုမာဆေးလ်နဲ့ပွဲမှာတော့ ဗင်နီတစ်ယောက်အရန်ခုံမှာသာ ပါဝင်ခဲ့ပြီး အလွန်ဆိုက ဗင်နီတစ်ယောက်တည်း အလှည့်ကျကစားရမှာမဟုတ်သလို တစ်သင်းလုံးအလှည့်ကျကစားရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့ တောင်းဆိုတာတွေရှိပါတယ်။ အားလုံးကိုလိုအပ်တာဖြစ်ပြီး လူတိုင်းအနေနဲ့ အလှည့်ကျကစားရဖို့ရှိပါတယ်။ အရေးအကြီးဆုံးအရာက လူတိုင်းပြင်ဆင်ထားရမှာဖြစ်ပြီး ရာသီတစ်လျှောက်လုံးအခုလိုဖြစ်နေမှာပါ။ တကယ်လို့ ဗင်နီနဲ့သီးသန့်ပြောဆိုခဲ့မယ်ဆိုရင် သူတို့ Valdebebas မှာဆက်နေမှာပါ။ ဘယ်သူမှပွဲတိုင်းမကစားနိုင်ပါဘူး။ ဗင်နီတစ်ယောက် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သလို လူစားဝင်လာချိန်မှာလည်း အသင်းအတွက် အကျိုးပြုနိုင်ခဲ့ပါတယ်”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။
ဒီရာသီ ဗင်နီတစ်ယောက် ပွဲထွက်လူစာရင်းမှာမပါဝင်လာတာက ပထမဆုံးအကြိမ်မဟုတ်ပဲ ပြီးခဲ့တဲ့လတုန်းက အိုဗီဒိုနဲ့ပွဲမှာလည်း အံ့အားသင့်ဖွယ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ အလွန်ဆိုကတော့ အသက် ၂၅ နှစ်သားဟာ အရန်ခုံကနေလူစားဝင်ချိန်မှာ ပိုမိုစွမ်းဆောင်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
မက်ဒရစ်အသင်းဟာ ဒီရာသီ ၅ ပွဲကစားထားပြီး ဗင်နီက အဆိုပါ ၅ ပွဲမှာ တစ်ပွဲစီပါဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် တစ်ပွဲကိုတော့ မိနစ် ၉၀ ပြည့်ပါဝင်မကစားနိုင်ခဲ့တာဖြစ်ပါတယ်။
ဗင်နီဟာ လိဂ်ဂိုး ၂ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ၈၂ မိနစ်တိုင်းမှာ ၁ ဂိုးနှုန်းပါဝင်ပတ်သက်ထားနိုင်ပါတယ်။ ပြိုင်ပွဲစုံမှာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ပေမယ့် အလွန်ဆိုရဲ့ရီးရဲလ်ဟာ လာမယ့်အပတ်မှာ အက်စ်ပန်ညိုနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်အနေနဲ့ ခံစစ်ပိုင်းပြဿနာရှိနေပြီး အာနိုးလ်က မာဆေးလ်နဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရခဲ့သလို ဟာဂျယ်ဆန်ကလည်း ပြီးခဲ့တဲ့ဆိုစီဒက်နဲ့ပွဲမှာ တိုက်ရိုက်အနီကတ်ထိခဲ့ပါတယ်။