ပရီးမီးယားလိဂ်နဲ့ယှဉ်ရင် လာလီဂါက အစစအရာရာ နောက်ကောက်ကျနေပြီလို့ ကာဇိုလာဝေဖန်
ရီးရဲလ်အိုဗီဒိုအသင်းကွင်းလယ်လူကာဇိုလာက အင်္ဂလန်ပရီးမီးယားလိဂ်နဲ့နှိုင်းယှဉ်ရင် ကဏ္ဍစုံမှာ စပိန်လာလီဂါ နောက်ကောက်ကျန်ကျနေပြီလို့ ယမန်နေ့(တနင်္ဂနွေနေ့)မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့စနေနေ့၊ ဗယ်လီကာနို vs အိုဗီဒိုတို့ရဲ့ပွဲစဉ်ကို ပွဲစတင်ခင်နာရီပိုင်းအလိုမှာ ရုတ်တရက်ရွှေ့ဆိုင်းလိုက်ပြီးနောက် ကာဇိုလာရဲ့အခုလိုမျိုးဝေဖန်ချက် ထွက်ပေါ်လာခဲ့တာပါ။
ဗယ်လီကာနိုရဲ့အိမ်ကွင်းမှာ အသစ်ခင်းကျင်းထားတဲ့ မြက်ခင်းပြင်အခြေအနေဟာ ကစားသမားတွေအတွက် ဘေးကင်းလုံခြုံမှုမရှိလို့ ပွဲစဉ်ကိုရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်တယ်လို့ လာလီဂါတာဝန်ရှိသူတွေက ရှင်းပြခဲ့ပါတယ်။
အာဆင်နယ်ကွင်းလယ်ဖန်တီးရှင်ဟောင်းကာဇိုလာကတော့ "တကယ့်လက်တွေ့အခြေအနေမှာတော့ လာလီဂါက ကဏ္ဍစုံမှာ ပရီးမီးယားလိဂ်ရဲ့နောက်ကို အလင်းနှစ်ပေါင်းများစွာအထိ ရောက်ရှိနေပါပြီ"လို့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဝေဖန်ခဲ့ပါတယ်။
ဗယ်လီကာနိုအသင်းကစားသမားတွေကလည်း သူတို့ရဲ့အားကစားကွင်းအခြေအနေကို မြှင့်တင်ပေးဖို့နဲ့ ပရိသတ်တွေအပေါ် အသင်းရဲ့ဆက်ဆံရေးပိုမိုကောင်းမွန်လာစေဖို့တောင်းဆိုထားတဲ့ ကြေညာချက်တစ်စောင်ကို ပြီးခဲ့တဲ့သောကြာနေ့မှာ ထုတ်ပြန်ပြီး အသင်းကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ အိုဗီဒိုအသင်းဘက်က အဆိုပါပွဲစဉ်မှာ သူတို့အသင်းကို အနိုင်ပေးဖို့ စပိန်ဘောလုံးအဖွဲ့ချုပ်(REEF) ဆီ တောင်းဆိုထားပါတယ်။
ဒါပေမဲ့ အိုဗီဒိုရဲ့တောင်းဆိုမှုက အောင်မြင်မှုရရှိဖို့ အလားအလာအလွန်နည်းပါးတယ်လို့လည်း ဘောလုံးဝေဖန်ရေးသမားတွေထံမှ သိရပါတယ်။