
အာဆင်နယ်နှင့် အပြောင်းအရွှေ့မတိုင်မီ ယူနိုက်တက်နဲ့ သဘောတူညီမှု ရခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ ဗစ်တာ ရောကရက်စ်ရဲ့ ကိုယ်စားလှယ်
နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း ရက်သတ္တပတ်များစွာ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီးနောက်မှာ အာဆင်နယ်အသင်းဟာ အသက် ၂၇ နှစ်အရွယ် ကစားသမားအတွက် ပေါ်တူဂီကလပ် စပို့တင်း နဲ့ အကြို ပေးချေငွေ ယူရို ၆၃.၅ သန်း (ပေါင် ၅၄.၈ သန်း) နဲ့ နောက်ဆက်တွဲ ယူရို ၁၀ သန်း (ပေါင် ၈.၆ သန်း) ထပ်တိုးကြေး ပေးရမယ့် သဘောတူညီချက်ကို နောက်ဆုံးမှာ ရရှိခဲ့ပါတယ်။
ရောကရက်စ်ဟာ စပို့တင်းမှာ ကစားခဲ့တဲ့ ၂ ရာသီအတွင်း ပွဲ ၁၀၂ ပွဲမှာ ၉၇ ဂိုး သွင်းယူပြီးနောက် ဥရောပရဲ့ တောင်းဆိုမှု အများဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သူ့ကိုယ်သူ ပုံဖော်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ရောကရက်စ်ကို စပို့တင်းမှာ အတူတူရှိခဲ့ဖူးတဲ့ နည်းပြ ရူဘင် အမ်မိုရင်နဲ့ ပြန်လည်ပေါင်းစည်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ တစ်ချိန်တည်းမှာပဲ ဆွီဒင်လက်ရွေးစင် ကစားသမားဟာ ဆော်ဒီ ပရိုလိဂ်ကနေ ရရှိတဲ့ လစာကောင်းတဲ့ ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ခဲ့ပါတယ်။
ရောကရက်စ်ရဲ့ အေးဂျင့် ဟာဆန် စီတင်ကာယာရဲ့ လက်ထောက်ဖြစ်သူ ဂျိုနသန် ချောကီးယပ်စ်က Studio Allsvenskan ပေါ့ဒ်ကတ်စ်မှာ ပြောကြားခဲ့ရာမှာ တိုက်စစ်မှူးဟာ နွေရာသီတစ်လျှောက်လုံး အာဆင်နယ်ကိုသာ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
"ဆော်ဒီ ပရိုလိဂ်ကနေ ကမ်းလှမ်းတဲ့ ပိုက်ဆံတွေက အရမ်းများတယ်။ တစ်နှစ်ကို အသားတင် သန်း ၄၀၀ ကျော်ပါတယ်"
"ဒါဟာ ရယ်စရာကောင်းလောက်အောင် များတဲ့ ငွေပမာဏပါ။ တစ်နေ့နေ့မှာတော့ ဗစ်တာကပဲ ဒီမေးခွန်းကို ဖြေတာ ပိုကောင်းပါလိမ့်မယ်။ ကျွန်တော်တို့ တစ်ခါမှ အဲဒီဘက်ကို တွန်းအားမပေးခဲ့ပါဘူး"
"ကျွန်တော် ထင်တာကတော့ နောက်ဆုံးမှာ ငွေဆိုတာ လာမယ်၊ သွားမယ်ပေါ့ဗျာ။ အာဆင်နယ်ကို ပြောင်းရွှေ့လိုက်တာက ကျွန်တော်တို့အတွက်လည်း ကောင်းမွန်တဲ့ မားကတ်တင်း ဖြစ်စေပါတယ်။ တကယ်တော့ သူက အဲဒီဘက်ကို စိတ်မဝင်စားခဲ့ဘူး၊ မစဉ်းစားခဲ့ပါဘူး"
"ဒါပေမဲ့ နောက်ကွယ်မှာ စပို့တင်းက ယူနိုက်တက်နဲ့ သဘောတူညီချက် အတည်ပြုခဲ့တဲ့ ပြဿနာတစ်ခုလည်း ရှိခဲ့ပါတယ်"
"စပို့တင်းက သဘောတူခဲ့ခြင်းက ယူနိုက်တက်ကဟာ အပြောင်းအရွှေ့ကြေး ပိုများများ ပေးခဲ့လို့ပါ။ ဒါပေမဲ့ သူက ဘာမှ စိတ်မဝင်စားခဲ့ဘူး။ သူတို့ ဖုန်းခေါ်တဲ့အခါတိုင်း 'မလိုချင်ဘူး၊ မလိုချင်ဘူး၊ မလိုချင်ဘူး' ပဲ ပြောခဲ့တာ၊ ဘာလို့လဲဆိုတော့ သူက အာဆင်နယ်ကိုပဲ သွားချင်လို့ပါ" လို့ ပြောပါတယ်။
ရောကရက်စ်ဟာ ဘာကြောင့် အာဆင်နယ်ကိုပဲ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ခဲ့တာလဲလို့ မေးမြန်းတဲ့အခါ ချောကီးယပ်စ်က အခုလို ဖြေကြားခဲ့ပါတယ်။ "ရိုးရိုးလေးပါ။ သူတို့က ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တိုက်စစ်မှူး အသစ် မရသေးဘူးလေ။ အာတီတာကလည်း သူ့ကို စကားပြောခဲ့တယ်။ နှစ်အနည်းငယ်ကြာအောင် ဆုဖလား မရသေးတဲ့ ကလပ်တစ်ခုကို သွားဖို့ပေါ့"
"အကြီးမားဆုံး စင်မြင့်မှာ လုပ်နိုင်ဖို့၊ လန်ဒန်မှာ နေထိုင်ပြီး အာဆင်နယ်အတွက် ကစားဖို့ဆိုတာ ဒီထက် ပိုကြီးကျယ်တာ မရှိနိုင်တော့ပါဘူး"
"ပြီးတော့ ဒီကလပ်ဟာ ပရီးမီးယားလိဂ်ကိုသာမက ချန်ပီယံလိဂ်ကိုပါ အနိုင်ရနိုင်တယ်။ သူတို့ဟာ မယုံနိုင်စရာ အသင်းတစ်သင်းပါ။ သူတို့ရဲ့ ခံစစ်နဲ့ ကွင်းလယ် ကစားပုံတွေနဲ့ ပတ်သက်ပြီး စကားပြောစရာတွေ အများကြီး ရှိပေမဲ့ ဒီဂိုးတွေကို သွင်းပေးမယ့် တိုက်စစ်မှူးတစ်ယောက် လိုအပ်နေတာပါပဲ" လို့ ဖြစ်ပါတယ်။
ရောကရက်စ်ဟာ ဒီရာသီမှာ မိုက်ကယ်လ် အာတီတာရဲ့အသင်းအတွက် ပွဲ ၁၀ ပွဲမှာ ၃ ဂိုး သွင်းယူထားပါတယ်။ ရောကရက်စ်ရဲ့ အာဆင်နယ်မှာ စတင်မှုအပေါ် သူ့ရဲ့ အမြင်ကို မေးတဲ့အခါ ချောကီးယပ်စ်က "တကယ် ကောင်းပါတယ်။ ကျွန်တော်ထင်တာကတော့ မျှော်မှန်းထားတာထက်တော့ မကျော်လွန်ပေမဲ့ ကောင်းပါတယ်။"
"သူ အသားကျသွားတဲ့အခါ အရာအားလုံး ပိုကောင်းလာမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သူက ပွဲတိုင်း ပွဲထွက်ကစားနေရပြီး သူတို့က ပရီးမီးယားလိဂ်ကို ဦးဆောင်နေတယ်။ သူတို့ဟာ စီးတီး၊ ယူနိုက်တက် (အဝေးကွင်း)၊ နယူးကာဆယ် (အဝေးကွင်း) နဲ့ လီဗာပူး (အဝေးကွင်း) တို့နဲ့ ရင်ဆိုင်ခဲ့ရတာ သိပ်မဆိုးပါဘူး"
"သူက ကောင်းတဲ့အရာကိုပဲ ဆက်လုပ်နေမယ်ဆိုရင် အဲဒီမှာ ဂိုးတွေ အများကြီး သွင်းနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ပြောပါတယ်။