The network connection is lost.

Banner Image

အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ တစ်ရာသီအငှားစာချုပ်ဖြင့် ပယ်လင်ဟာကို ခေါ်ယူခဲ့တယ်လို့ တော့တင်ဟမ်ကြေညာ

တော့တင်ဟမ်အသင်းက ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမားပယ်လင်ဟာကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။ တော့တင်ဟမ်က ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက် ဖူလ်ဟမ်ကစားသမားဟောင်းရဲ့ဝန်ဆောင်မှု ကို ရယူထားသလို လာမယ့်နွေရာသီမှာလည်း အသက်-၃၀ နှစ်အရွယ်ကစားသမားကို ပေါင် ၂၆ သန်းအသုံးပြုကာ အပြီးသတ်ခေါ်ယူခွင့်လည်း ရရှိထားတယ်လို့ သိရပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူအတွက်တော့ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘောလုံးရာသီတစ်ခုဖြတ်သန်းပြီးနောက် ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအကြီးအကဲမတ်ခ်အီဘရယ်လ်ကလည်း ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မျှော်မှန်းထားသလောက် ပွဲကစားချိန်တွေမရရှိခဲ့တဲ့ ပယ်လင်ဟာအတွက် အကောင်းဆုံးအဖြေတစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီလို့ ပြောကြားပါတယ်။ ဘိုင်ယန်မြူးနစ်ဝက်ဘ်ဆိုဒ်မှတဆင့် သူက “ ကံမကောင်းစွာနဲ့ဘဲ ပယ်လင်ဟာကယမန်နှစ်ဘောလုံးရာသီ၊ ဘာဗေးရီးယန်းကလပ်အသင်းမှာ မျှော်လင့်ထားသလောက် ပွဲကစားချိန်တွေ မရရှိခဲ့ပါဘူး။ ကျွန်တော်တို့လည်း တော့တင်ဟမ်နဲ့အတူ ဘက်ပေါင်းစုံအတွက် အကောင်းဆုံးအဖြေတစ်ခုရရှိဖို့ ကြိုးပမ်းခဲ့ပါတယ်။ ပယ်လင်ဟာဆိုတာ ဥရောပအဆင့်မှာ တစ်ရာသီလုံးစာရှိနေနိုင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ပယ်လင်ဟာအတွက် အကောင်းဆုံးဖြစ်လာပါစေလို့ ဆုတောင်းပေးနေပါတယ်”လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်ကျော်ကာလ၊ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကြေးပေါင် ၄၇ ဒဿမ၄ သန်းဖြင့် ရောက်ရှိလာတဲ့ အတွေ့အကြုံရင့်ကွင်းလယ်ကစားသမားက ဘွန်ဒက်စ်လီဂါမှာ သူ့ရဲ့အမှတ်တံဆိပ်ကို ခတ်နှိပ်ဖို့ ပျက်ကွက်ပြီးနောက် ပရီးမီးယားလိဂ်ဆီ ပြန်ရောက်ရှိလာပါပြီ။ ပယ်လင်ဟာက ပြီးခဲ့တဲ့ရာသီ၊ ပါဝင်ကစားရတဲ့ ပြိုင်ပွဲစုံ ၂၅ ပွဲအနက် ၁၀ ပွဲသာ ပွဲထွက်လူစာရင်းမှာပါဝင်ခဲ့ရပြီး ဗင်းဆင့်ကွန်ပနီရဲ့အသင်းမှာ ပုံမှန်နေရာရရှိရေး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ သူက အရည်အသွေးရှိကစားသမားတစ်ဦးဖြစ်လို့ တော့တင်ဟမ်ကွင်းလယ်ပိုင်းအတွက် ကောင်းမွန်တဲ့အင်အားဖြည့်တင်းမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။

စပို့တင်းလစ္စဘွန်းကစားသမားဟောင်းက လာမယ့်ကြာသပတေးနေ့၊ အလိုင်းယန့်ဇ်အရီနာမှာ တော့တင်ဟမ်အသင်းကို ကိုယ်စားပြုရင်း မိခင်ကလပ်အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်သွားရဖွယ် ရှိပါတယ်။ ဒါ့အပြင် အခုပွဲစဉ်က တော့တင်ဟမ်အသင်းကြယ်ပွင့်ဟောင်းဟယ်ရီကိန်းနဲ့ ဘိုင်ယန်မြူးနစ်လူငယ်ကစားသမားဟောင်း မာသီတဲလ်တို့ အပြန်အလှန်ထိပ်တိုက်ရင်ဆိုင်ရမယ့် အခိုက်အတန့်လည်း ဖြစ်လာပါလိမ့်မယ်။