
ဆော်ဒီသို့ပြောင်းရွှေ့ခဲ့ပေမယ့် အင်္ဂလန်အတွက်ရွေးချယ်မခံရမှာ စိတ်မပူခဲ့ကြောင်း ဖွင့်ဟလာတဲ့ တိုနေး
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်တိုက်စစ်မှူး အိုင်ဗန်တိုနေးက သူဟာ ဆော်ဒီပရိုလိဂ်သို့ပြောင်းရွှေ့ခဲ့ပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်မခံရမှာ စိတ်မပူခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ လာမယ့်စနေနေ့မှာ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အန်ဒိုရာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နည်းပြ သောမတ်စ်တူချယ်လ်ဟာ တိုနေးကို အသင်းရဲ့လူစာရင်းအတွက် ပြန်လည်ရွေးချယ်ထားခဲ့ပါတယ်။ တိုနေးဟာ ၂၀၂၃ ခုနှစ်အတွင်း လောင်းကစားစည်းမျဉ်းကြောင့် ၈ လကြာပိတ်ပင်ခံရပြီးနောက်ပိုင်း အင်္ဂလန်အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ယူရိုဗိုလ်လုပွဲမှာ နောက်ဆုံးအကြိမ် ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။
အသက်-၂၉ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ အယ်လ်ဟီလယ်သို့ စတင်ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ ၄၄ ပွဲကစားထားရာမှာ ဂိုး ၃၀ အထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တိုနေးဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ဂျီရိုနာမှာ လေ့ကျင့်ရေးဆင်းနေပြီး အန်ဒိုရာနဲ့ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။
ကစားသမားက "ကျွန်တော်ကတော့ ခြေစွမ်းမှန်မှန်ပြပြီး တိုက်စစ်မှူးတစ်ယောက်ရဲ့အလုပ်အတိုင်း ဂိုးတွေပုံမှန်သွင်းနိုင်မယ်ဆိုရင် အခွင့်အရေးရမယ်လို့ ယုံကြည်ထားခဲ့ပါတယ်။ ကမ္ဘာပေါ်က ဘယ်နေရာမှာပဲ ကစားသည်ဖြစ်စေ ခြေစွမ်းပြမယ်ဆိုရင်တော့ နိုင်ငံအသင်းက ရွေးချယ်မှာပါပဲ။ ဒါကြောင့် ကျွန်တော်အခုတော့ လက်ရွေးစင်အသင်းဖော်တွေနဲ့ အတူတူရှိနေရပါပြီ။ သူတို့နဲ့ပြန်တွေ့ရတာ ကျွန်တော်အရမ်းဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီအတွင်း တိုနေးဟာ အယ်လ်ဟီလယ်အတွက် လိဂ်ဂိုး ၂၃ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဆော်ဒီပရိုလိဂ်ရဲ့ရွှေဖိနပ်ဆုရှင် ရော်နယ်ဒိုထက် ၂ ဂိုးသာလျော့နည်းခဲ့ပါတယ်။ ဒါ့အပြင် တိုနေးဟာ ဘောလွန်းဒီအော်ဆုရှင်ဟောင်း ကာရင်ဘန်ဇီမာ(၂၁ ဂိုး)နဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အူဘာမီယန်း(၁၉ ဂိုး) တို့ထက် သွင်းဂိုးတွေ ပိုမိုရရှိခဲ့တာလည်းဖြစ်ပါတယ်။
ဆက်လက်ပြီး ဘရန့်ဖို့ဒ်ကြယ်ပွင့်ဟောင်းက "ကျွန်တော်ပုံစံကောင်းမှာရှိနေတယ်လို့ ခံစားရပါတယ်။ ကျွန်တော် ဆော်ဒီကိုရောက်ခဲ့ပေမယ့် ဂိုးတွေဆက်တိုက်သွင်းနေတုန်းပါပဲ။ ဒါကြောင့် အင်္ဂလန်အတွက်လည်း ဂိုးတွေသွင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ တိုနေးဟာ အင်္ဂလန်အတွက် စုစုပေါင်း ၆ ပွဲသာကစားခွင့်ရထားပါတယ်။
အန်ဒိုရာနဲ့ယှဉ်ပြိုင်သွားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အပြီးမှာတော့ အင်္ဂလန်ဟာ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်အဖြစ် ဇွန်လ ၁၁ ရက်နေ့မှာ ဆီနီဂေါနဲ့ ကစားသွားရပါမယ်။