စိတ်လှုပ်ရှားဖွယ် မျက်စိကျစရာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဒါဝင်နူနက်ဇ်ကို ပြန်လည်ခေါ်ယူဖွယ်ရှိတဲ့ လီဗာပူး
လီဗာပူးအသင်းမှ ထွက်ခွာလာပြီး တစ်နှစ်အကြာမှာပဲ ဒါဝင်နူနက်ဇ်က အန်ဖီးလ်မြေဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြန်လည်ရောက်ရှိလာနိုင်ပါတယ်။
ဒီဥရုဂွေးသားရဲ့ မာဆေးဆိုဒ်ကစားသမားဘ၀သုံးနှစ်တာဖြတ်သန်းမှုက ပြီးခဲ့တဲ့နွေရာသီ၊ အယ်လ်ဟီလယ်အသင်းရဲ့ ပေါင် ၅၆ ဒဿမ ၆ သန်းတန် သဘောတူညီမှုတစ်ခုနဲ့အတူ အဆုံးသတ်သွားခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့နိုင်မှုကြောင့် သူ့ရဲ့ကစားသမားဘဝ ပြန်လည်ဦးမော့လာစေမယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ လိဂ် ၁၆ ပွဲမှာ ၆ ဂိုးသာ သွင်းယူနိုင်ခဲ့လို့ အသက် ၂၆ နှစ်အရွယ်ကစားသမားရဲ့ အိပ်မက်ဆိုးက အရှေ့အလယ်ပိုင်းဒေသမှာလည်း ဆက်လက်တည်ရှိနေခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ဘန်ဇီးမားရောက်ရှိလာမှုကြောင့် သူ့ရဲ့အခြေအနေ ပိုမိုဆိုးရွားသွားခဲ့ပြီး အသင်းလူစာရင်းမှ ဖယ်ထုတ်ခံခဲ့ရသလို သူ့ရဲ့စာချုပ်ကိုပါ ဖျက်သိမ်းလိုက်ရပါတယ်။
အံ့ဩစရာကောင်းတဲ့အချက်ကတော့ အယ်လ်ဟီလယ်အသင်းမှထွက်ခွာလာတဲ့ ဒါဝင်နူနက်ဇ်ကို လက်ရှိမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မယ့် အနေအထားပဲ ဖြစ်ပါတယ်။ TEAMtalk ရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းက တစ်ချိန်က သူတို့ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ကို အသင်းဆီ ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် လီဗာပူးအပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်းအပြင် ဥရောပတလွှားရှိလပ်အသင်းအများအပြားကလည်း စိတ်ဝင်စားနေကြပါတယ်။
အန်ဖီးလ်မြေဆီ အီရာအိုလာရောက်ရှိလာမှုက ဒါဝင်နူနက်ဇ်အတွက် လမ်းပွင့်သွားစေမလား သို့မဟုတ် အခြားတိုက်စစ်မှူးကိုပဲ ရှာဖွေသွားမလားဆိုတာကို ဆုံးဖြတ်ပေးသွားနိုင်ပြီး ဒါဝင်နူနက်ဇ်ကတော့ လက်ရှိအပြောင်းအရွှေ့စျေးကွက်မှာ စိတ်ဝင်စားစရာအကောင်းဆုံး ကလပ်အသင်းလက်မဲ့ကစားသမားတွေအနက် တစ်ဦး ဖြစ်လာပါတယ်။