ဂျရတ်ကို စီရော်နယ်ဒိုထက် ပိုသဘောကျတဲ့ ရာဖာဘင်နီတက်ဇ်
ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးနည်းပြဟောင်း ရာဖာဘင်နီတက်ဇ်က စတီဗင်ဂျရတ်နဲ့ပတ်သက်လို့ သူဘာကြောင့် အထင်ကြီးမိသလဲဆိုတဲ့ အကြောင်းကို ထုတ်ဖော်ပြောဆိုလာပါတယ်။
၂၀၀၄ ခုနှစ်၊ ဘင်နီတက်ဇ်ရောက်ရှိလာချိန် စပိန်သားနည်းပြအတွက် ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် ငယ်ဘ၀ကလပ်အသင်းမှထွက်ခွာကာ ချဲလ်ဆီးဆီပြောင်းရွှေ့ဖို့ စိတ်ကူးနေတဲ့ ဂျရတ်ကို လီဗာပူးမှာပဲ ဆက်နေဖို့ စည်းရုံးသိမ်းသွင်းခဲ့ရပါတယ်။
ဘင်နီတက်ဇ်ရဲ့ရည်မှန်းချက်လည်း အောင်မြင်ခဲ့သလို အိုလံပီယာကော့စ်နဲ့ပွဲစဉ်အတွင်း အံ့မခန်းသွင်းဂိုးအပြင် နာမည်ကျော်အစ္စတန်ဘူလ် Comeback မှာ ဂျရတ်ကိုယ်တိုင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး ချန်ပီယံလိဂ်ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဘင်နီတက်ဇ်ကိုင်တွယ်တဲ့ ပထမဆုံးဘောလုံးရာသီသုံးခုမှာ ဂျရတ်က လီဗာပူးအတွက် ၁၇၄ ပွဲမှာ ၁၄၃ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ၄၇ ဂိုး သွင်းယူနိုင်ခဲ့လို့ ကလပ်အသင်းရဲ့အကြီးကျယ်ဆုံးအဖိုးတန်ရတနာတွေအနက် တစ်ခုအဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။
အခုသီတင်းပတ်အတွင်း ဘင်နီတက်ဇ်က သူ့ရဲ့ရှည်လျားလှတဲ့ နည်းပြဘဝသက်တမ်းတလျှောက် ကိုင်တွယ်ခဲ့ဖူးတဲ့ ကစားသမားတိုင်းထက် ဂျရတ်ကို ပိုမိုမြင့်မားတဲ့အဆင့်အတန်းတစ်ခုမှာ သတ်မှတ်ထားရှိတယ်လို့ ဝန်ခံရင်း ချီးကျူးပြောဆိုခဲ့ပါတယ်။
ဘင်နီတက်ဇ်က "ကျွန်တော် ရီးရဲလ်မက်ဒရစ်မှာရှိနေချိန် ကျွန်တော် ကိုင်တွယ်ခဲ့ဖူးသမျှ အကောင်းဆုံးကစားသမား ဘယ်သူဖြစ်မလဲလို့ လူတွေမေးကြတဲ့အခါ ကျွန်တော်က စတီဗင်ဂျရတ်လို့ ဖြေခဲ့ပါတယ်"
"ကျွန်တော်တို့ လီဗာပူးဆီ စရောက်လာချိန် သူက ကွင်းလုံးပြည့်ပါဝင်ကစားတဲ့ box-to-box ကွင်းလယ်လူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ခွန်အားနဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားခဲ့ပါတယ်။ အဲ့ဒီနောက် ကျွန်တော်တို့က နည်းဗျူဟာပိုင်းအရ ထိန်းကျောင်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ ဘာကိုရှာဖွေနေသလဲဆိုတာကို သူ သဘောမပေါက်ခဲ့ပေမဲ့ နောက်ပိုင်းတော့ သူ နားလည် သဘောပေါက်သွားခဲ့တယ်လို့ ထင်ပါတယ်။"
"သူ့မှာ ခွန်အားရှိတယ်၊ အမြင့်ဘောတွေကောင်းတယ်၊ ခြေနှစ်ဖက်လုံးနဲ့ ဂိုးကန်သွင်းနိုင်သလို ဘောလုံးပေးပို့နိုင်တယ်၊ ဘောလုံးကို ထိန်းချုပ်ကစားနိုင်စွမ်း ရှိပါတယ်"
"ဒါကြောင့် သူက ပွဲအကြောင်းနဲ့ ပွဲရဲ့အရှိန်အဟုန်ကို အနည်းငယ် ပိုပြီးနားလည်ဖို့ပဲ လိုအပ်တဲ့ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒီလိုအရာတွေကို သူ လေ့လာ သင်ယူနေခဲ့တာပါ။ သူ့ဆီမှာ စွမ်းအင်အပြည့်၊ အလားအလာကောင်းတွေအပြည့်ရှိနေလို့ အစပိုင်းမှာ သူ့အတွက် လိုအပ်ခဲ့တဲ့ တစ်ခုတည်းသောအရာ ဖြစ်ပါတယ်"
"နောက်ပိုင်းကျတော့ တဖြည်းဖြည်းချင်းနဲ့.... အထူးသဖြင့် ဖာနန်ဒိုတောရက်စ်ကို ကျွန်တော်တို့ ခေါ်ယူခဲ့ချိန်မှာပေါ့။ ဂျရတ်ဆီမှာ တိကျပြီး အားပါတဲ့ အလွန်ကောင်းမွန်တဲ့ ဘောလုံးထိချက်တွေ ရှိနေတာကြောင့် တောရက်စ်ရဲ့ပြေးထွက်မှုတွေနဲ့ ပေါင်းစပ်လိုက်ချိန် သူ့ကိုတားဆီးဖို့ဆိုတာ နောက်ခံလူတွေအတွက် အလွန်ခက်ခဲသွားခဲ့ပါတယ်"
"သူက အရာအားလုံးနီးပါးကို အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူ့ဆီမှာ ကြံ့ခိုင်မှုပိုင်းနဲ့ သက်လုံလည်း ရှိတယ်၊ ပေးဆပ်လိုစိတ်လည်း ရှိပါတယ်။ လီဗာပူးအတွက် အဓိက ကစားသမားတစ်ဦး ဖြစ်တာရော၊ ကွင်းတွင်းကွင်းပြင် သူ့ကိုယ်သူ ပြုမူနေထိုင်တဲ့ ပုံစံတွေမှာပါ သူက အံ့ဩစရာ ကောင်းခဲ့ပါတယ်။ သူက ပရော်ဖက်ရှင်နယ် ပီသသလို ကစားသမား အားလုံးရဲ့ အစွမ်းကုန်ပေးဆပ်ကစားမှုမျိုးကိုလည်း သဘောကျပါတယ်"
"ဒါကပဲ ကျွန်တော့်အတွက်တော့ သူက ကျွန်တော်ကိုင်တွယ်ခဲ့ဖူးသမျှ အကောင်းဆုံး ကစားသမားဖြစ်ရတဲ့ အကြောင်းရင်းပါပဲ။ ကျွန်တော့်ဆီမှာ အီတူး၊ စီရော်နယ်ဒို၊ ဘန်ဇီမာ တို့ ရှိခဲ့ဖူးပေမဲ့ သူက အဲ့ဒီလူအားလုံးထက် ပိုပြီး ပြီးပြည့်စုံခဲ့ပါတယ်" လို့ သူက ပြောပါတယ်။
ဒီနည်းပြနဲ့ ဒီကစားသမားတို့ရဲ့ဆက်ဆံရေးကြောင့် ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ်အောင်ပွဲနဲ့ ၂၀၀၆ အက်ဖ်အေဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့လို့ ဘင်နီတက်ဇ်ကိုယ်တိုင် ဂျရတ်ကို အခုလိုမျိုး အလွန်လေးစားတန်ဖိုးထားနေတာ အံ့ဩစရာမရှိပါဘူး။