The network connection is lost.

Banner Image

တိုက်စစ်မှူးသစ်မခေါ်ယူလို့ အာတီတာကို ဒေါကန်နေတဲ့ အာဆင်နယ်ဂန္တဝင်အွန်နရီ

ဂျူလီယန်အယ်လ်ဗာရက်ဇ်လို တိုက်စစ်မှူးမျိုး ရှိနေချိန်မှာ အသင်းတိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းမှု မပြုလုပ်ခဲ့တဲ့ အာဆင်နယ်နည်းပြအာတီတာကို သီယာရီအွန်နရီက ဝေဖန်လိုက်ပါတယ်။ ဂန်းနားဂန္တဝင်က ပြီးခဲ့တဲ့နွေရာသီကာလအတွင်း တိုက်စစ်မှူးစစ်စစ်တစ်ဦးခေါ်ယူဖို့ အချိန်ရှိရက်နဲ့ ပျက်ကွက်ခဲ့ခြင်းအတွက် အာတီတာကို အပြစ်တင်ခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်သားက ဒီပြဿနာအတွက် ဖြေရှင်းနိုင်မယ့်နည်းလမ်းအဖြစ် အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးအယ်လ်ဗာရက်ဇ်ကို ရှုမြင်ထားခဲ့ပါတယ်။

Sky Bet မှတင်ဆက်တဲ့ Stick to Football podcast အစီအစဉ်မှာ အွန်နရီက “ အာတီတာကိုယ်တိုင် ကစားသမားသစ်တွေ ခေါ်ယူခဲ့ပါတယ်။ လူတိုင်းက No.9 တိုက်စစ်မှူးစစ်စစ် လိုချင်နေချိန် သူက စတာလင်ကို ခေါ်ယူခဲ့ပါတယ်။ အာတီတာအတွက် တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ အချိန်ရှိခဲ့ပါတယ်။ ကျွန်တော်က နည်းပြမဟုတ်လို့ ဘယ်လိုဆုံးဖြတ်ချက်ချခဲ့သလဲဆိုတာ မသိပါဘူး။ စကားမစပ် အခက်အခဲကြုံနေပြီဆို လူတိုင်းက No.9 တိုက်စစ်မှူးစစ်စစ် အော်ဟစ်တောင့်တပါတယ်။ ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူပြီးချိန်ကျတော့ တိုက်စစ်မှူးစစ်စစ် မလိုအပ်တော့ပြန်ပါဘူး။

လက်ရှိအချိန် ကျွန်တော်အကြိုက်ဆုံးအထောင်တိုက်စစ်မှူးဆိုရင် ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို ညွှန်းရပါလိမ့်မယ်။ ပြိုင်ဘက်ကို ဖိအားပေးမလား၊ တစ်ဦးတည်းကစားပေးရမလား၊ အနိမ့်ဘောလာမလား၊ ဘာမဆိုလုပ်ပေးနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးအကြောင်း ကျွန်တော်တို့ဆွေးနွေးနေတာပါ။ ဟိုတစ်နေ့က အယ်လ်ဗာရက်ဇ်သွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးကိုရော မြင်တွေ့ခဲ့လား? သူ့ဆီမှာ ဘောလုံးထိန်းသိမ်းထားနိုင်စွမ်း ရှိပါတယ်။ သူက အိုလံပစ်ပြိုင်ပွဲလိုပဲ ကိုပါအမေရိကဖလားပြိုင်ပွဲလည်း ကစားခဲ့ဖူးပါတယ်။ သူ့ဆီကနေ မောနေပြီ၊ မရတော့ဘူးဆိုတဲ့စကားမျိုး ကျွန်တော်ဖြင့် ကြားတောင်မကြားမိပါဘူး။ သူ့အတွက် ဘာဆိုးကျိုးမှမရှိလာဖို့ မျှော်လင့်မိပါတယ်။ အယ်လ်ဗာရက်ဇ်ရဲ့ကစားဟန်နဲ့ လုပ်ပြနေတဲ့အရာအားလုံးကို ကျွန်တော် သဘောကျပါတယ်”လို့ ပြောပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ်နောက်ဆုံးသုံးရာသီဆက် ဒုတိယနေရာမှာရပ်တည်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ဆုဖလားအောင်ပွဲနဲ့ ဝေးကွာခဲ့ပါတယ်။ လတ်တလောမှာ ဂန်းနားတွေက အထောင်တိုက်စစ်ပိုင်းအတွက် လိုက်ပ်ဇစ်ရဲ့ဆက်စ်ကိုနဲ့ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူးဂိုကာရက်ဇ်တို့ကို စောင့်ကြည့်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါ့အပြင် လာမယ့်ဘောလုံးရာသီက အာတီတာရဲ့ ဂန်နားနည်းပြအနာဂတ်အတွက် အဆုံးအဖြတ်လည်း ဖြစ်သွားနိုင်ပါတယ်။

လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ဖို့ရှိနေလို့ အာဆင်နယ်တို့ တိုက်စစ်မှူးသစ် ခေါ်ယူမလားဆိုပြီး စောင့်ကြည့်မှုတွေ ရှိလာခဲ့ပါပြီ။ ဒီမတိုင်ခင်တော့ သူတို့တွေက ဆိုစီဒက်ကွင်းလယ်ကစားသမားဇူဘီမန်ဒီကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။