The network connection is lost.

Banner Image

တူရကီနဲ့ ပွဲစဉ်အပြီး အီတလီတို့တိုးတက်ဖို့ လိုအပ်နေတဲ့ အချက်နှစ်ခုကို ထောက်ပြလိုက်တဲ့ စပယ်လက်တီ

အီတလီလက်ရွေးစင်အသင်းအနေဖြင့် စွမ်းဆောင်ရည်အပိုင်းနဲ့ စိတ်ဓါတ်ပြင်းထန်မှုအပိုင်းမှာ တိုးတက်လာရမယ်လို့ ယူဆထားပေမယ့် သူ့ကစားသမားတွေအကြောင်း သိရှိထားလို့ နည်းပြစပယ်လက်တီမှာ အကောင်းမြင်မှုရှိနေဆဲ ဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်း၊ ဘိုလော့ဂ်နာမြို့မှာ ကစားတဲ့ ခြေစမ်းပွဲစဉ်မှာ အီတလီလက်ရွေးစင်အသင်းက မွန်တဲလားရဲ့ တူရကီအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။ စိတ်လှုပ်ရှားစရာမကောင်းတဲ့ အခုပွဲစဉ်မှာ အီတလီအသင်းအတွက် ဂိုးကန်သွင်းခွင့်အနည်းငယ်သာ ရရှိခဲ့ပါတယ်။ အကောင်းဆုံးအခွင့်အရေးကတော့ ပထမပိုင်းပွဲချိန်အတွင်း ထောင့်ကန်ဘောမှတဆင့် ခရစ္စတန်တီရဲ့ခေါင်းတိုက်ချက် ဂိုးတိုင်ထိထွက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ အီတလီအသင်းနည်းပြ စပယ်လက်တီက “အခုလိုမျိုးပွဲစဉ်တစ်ခု ဖြစ်လာမယ်လို့ပဲ မျှော်လင့်ထားခဲ့ပါတယ်။ ကျွန်တော်တို့တွေ ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေ အများကြီးလုပ်ဆောင်ခဲ့လို့ အနည်းငယ်ပင်ပန်းနေလိမ့်မယ်လို့ပဲ ကျွန်တော်မျှော်လင့်ထားခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာဆိုရင် ဒီထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းဖို့ မျှော်လင့်မိခဲ့ပါတယ်။ ဒီလိုမျိုးမဟုတ်ရင်တော့ အရာအားလုံးက ပိုပြီးတော့ ခက်ခဲသွားပါလိမ့်မယ်။ ပြိုင်ဘက်က ဘောလုံးကို အကြိမ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ခဲ့ပြီး ကျွန်တော်တို့တွေ အကြိမ်များစွာ လိုက်လုခဲ့ရပါတယ်။ ဘောလုံးကိုသာ ထိန်းထားနိုင်မယ်ဆိုရင် ပြေးလွှားမှုအနည်းငယ်နဲ့အတူ အရာအားလုံး ပိုလွယ်ကူလာပါလိမ့်မယ်။ ကျွန်တော်တို့ ဘောလုံးကို ကောင်းကောင်းမထိန်းထားနိုင်လို့ ကျွန်တော်တို့မှာ ကြံ့ခိုင်မှုအပြည့်အဝမရှိသေးတာ ပေါ်လွင်လာခဲ့ပါတယ်”လို့ ပြောပါတယ်။

အီတလီလက်ရွေးစင်အသင်းက ဇွန် ၁၅ ရက်၊ အယ်လ်ဘေးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရင်း သူတို့ရဲ့ ယူရို-၂၀၂၄ ခရီးစဉ်ကို စတင်သွားပါလိမ့်မယ်။ အီတလီအသင်းရဲ့လတ်တလောစွမ်းဆောင်ရည်အပေါ် စိုးရိမ်မှုရှိသလားလို့ မေးမြန်းလာချိန် စပယ်လက်တီက “ အခုက ကျွန်တော့်အတွက် အကောင်းမြင်စေမယ့် သို့မဟုတ် အဆိုးမြင်စေမယ့် ပွဲစဉ်တစ်ခု မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျွန်တော့်ကို အကောင်းမြင်အောင်လုပ်ပေးတဲ့အချက်ကတော့ ကျွန်တော့်ကစားသမားတွေအကြောင်း ကောင်းကောင်းသိနေတယ်ဆိုတာပါပဲ။ အခုပွဲစဉ်ထက်ပိုကောင်းအောင် အများကြီးလုပ်သွားရဦးမယ်ဆိုတာ ရှင်းပါတယ်။ ဒီပွဲစဉ်က အခြားတိုးတက်မှုတွေအတွက်တော့ အသုံးဝင်ပါတယ်။ ကျွန်တော်တို့ တချို့ကိစ္စရပ်လေးတွေလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ဘောလုံးကို လွယ်လွယ်ကူကူဆုံးရှုံးခဲ့ပြီး ဒါက အကျိုးသက်ရောက်မှုတစ်ခု ရှိပါတယ်။ စိတ်ဓါတ်ပြင်းထန်မှုက အကျိုးဆက်တစ်ခုဖြစ်နေရင်တောင် ဒီစိတ်ဓါတ်ပြင်းထန်မှုနဲ့ စွမ်းဆောင်ရည်ပိုင်းကို ကျွန်တော်တို့ မြှင့်တင်သွားရပါမယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီး စပယ်လက်တီက “ကျွန်တော်တို့တွေ တိုက်စစ်ဇုန်နဲ့ တောင်ပံတွေမှာ ပိုကောင်းအောင် လုပ်သွားနိုင်ရပါမယ်။ တစ်ဦးချင်းရင်ဆိုင်ရတဲ့အခြေအနေတွေက ခြားနားမှုတစ်ခု ပြုလုပ်ပေးနိုင်ပါတယ်။ ပြိုင်ဘက်ဆီ ဘောလုံးပါသွားတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ဒါကို အကောင်းဆုံးစီမံသွားနိုင်ရပါမယ်” လို့ ဆိုပါတယ်။


ဇွန် ၆ ရက်မှာ စပယ်လက်တီက ယူရိုပြိုင်ပွဲဝင် အီတလီလက်ရွေးစင်ကစားသမား ၂၆ ဦးစာရင်းကို ထုတ်ပြန်ပေးသွားဖို့ရှိပြီး လာမယ့်ရက်ပိုင်းအတွင်းမှာတော့ ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားပါလိမ့်မယ်။