The network connection is lost.

Banner Image

မော်ရင်ဟိုရဲ့ ဖီနာဘာချီဆီ ပြောင်းရွှေ့မယ်ဆိုတဲ့ကောလာဟလတွေကို လုံးဝပယ်ချလိုက်တဲ့ လီဝန်ဒေါစကီး

ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက အခုနွေရာသီကာလအတွင်း ဘာစီလိုနာမှထွက်ခွာကာ ဖီနာဘာချီမှာ မော်ရင်ဟိုနဲ့ ပူးပေါင်းမယ်ဆိုတဲ့ ကောလာဟလတွေကို ပြတ်ပြတ်သားသားပယ်ချလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းက တူရကီကလပ်အသင်းရဲ့နည်းပြသစ် ဖြစ်လာခဲ့ပြီးနောက် ဘာစီလိုနာတိုက်စစ်မှူးကို ခေါ်ယူလိုနေတယ်ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်ထားခဲ့ပါတယ်။
 
ဒီလိုကောလာဟလထွက်ပေါ်နေခြင်းနဲ့ပတ်သက်လို့ လီဝန်ဒေါစကီးက “ဖီနာဘာချီက ကျွန်တော့်ဆီ ဆက်သွယ်လာတာမျိုး မရှိပါဘူး။ ဒီကောလာဟလတွေနဲ့ပတ်သက်လို့လည်း ကျွန်တော် ဘာမှမသိပါဘူး”လို့ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ရှင်းပြခဲ့ပါတယ်။
 
ကစားသမားဘဝ အနားယူမှုနဲ့ပတ်သက်လို့ ထပ်မံမေးမြန်းချိန်မှာလည်း သူက လတ်တလောကာလမှာ ဒီကိစ္စအပေါ် စဉ်းစားနေတာမျိုးမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ လီဝန်ဒေါစကီးက “ကျွန်တော့်ရဲ့အသည်းနှလုံးကပဲ ကျွန်တော့်ဆီ အဲ့ဒီလိုအခိုက်အတန့်မျိုးမှာ တိုက်ရိုက်ပြောလာပါလိမ့်မယ်။ ဆုံးဖြတ်ချက်တစ်ခု မချမှတ်ခင်မှာ ကျွန်တော်ကိုယ်တိုင်လည်း တစုံတရာကို ဦးဆုံးခံစားမိရပါမယ်။ ကစားသမားဘ၀ အနားယူဖို့ ဘယ်အချိန်လောက်ဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော့်အတွက်တော့ ဒီကိစ္စက ဆုံးဖြတ်ဖို့ ခက်ခဲပါတယ်။
 
အနားယူဖို့နဲ့ပတ်သက်ပြီး သေချာလောက်စေမယ့် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်မျိုးလည်း လိုအပ်ပါတယ်။ အခုအချိန်မှာတော့ အဲ့ဒီလိုဆုံးဖြတ်ချက်မျိုး ကျွန်တော့်မှာ မရှိသေးပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ ကျွန်တော့်ရဲ့ခံစားမှုတွေ အလွန်ကောင်းမွန်နေပြီး ဒါက ကစားသမားဘ၀ အနားယူဖို့အတွက် မစဉ်းစားရသေးဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ဒါမျိုးခံစားမှုတွေ တိုနီကရူးစ်ကိုယ်တိုင်လည်း ခံစားမိကောင်း ခံစားမိပါလိမ့်မယ်။ ဒါက ကျွန်တော့်ကိစ္စမဟုတ်ပါဘူး။ ကျွန်တော် လုပ်ဆောင်နေတဲ့ အလွန်ခက်ခဲတဲ့ အလုပ်တွေအပေါ် ယုံကြည်မှုရှိနေပြီး ဒါကို အောင်မြင်အောင် ဆက်လုပ်သွားရပါလိမ့်မယ်”လို့ ဆိုပါတယ်။
 
လက်ရှိမှာ လီဝန်ဒေါစကီးက ပိုလန်နဲ့အတူ ယူရို-၂၀၂၄ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ သူ့ရဲ့အသင်းက အုပ်စုအဆင့်မှာ နယ်သာလန်၊ သြစတြီးယား၊ ပြင်သစ်တို့နဲ့အတူ ကျရောက်နေပါတယ်။