The network connection is lost.

Banner Image

လိဂ်ချန်ပီယံဆုနဲ့နီးကပ်လာပြီးနောက် အသင်းရဲ့စိတ်ဓါတ်ပိုင်းကို ကျေနပ်အားရမိတယ်လို့ ဖွင့်ဟလာတဲ့ အန်းစလော့

လီဗာပူးအသင်းအနေဖြင့် ဝက်စ်ဟမ်းကို ၂-၁ ဂိုးဖြင့် လွယ်လွယ်ကူကူအနိုင်ရရှိခဲ့ခြင်းမဟုတ်ပေမယ့် ကစားသမားတွေကိုယ်တိုင်က နောက်ကျချေပဂိုးပေးလိုက်ရပြီးနောက် အနိုင်သုံးမှတ်အပြည့်ရရှိနိုင်ရေးအတွက် ထူးရှယ်စိတ်ဓါတ်ပိုင်းကို ပြသသွားခဲ့တယ်လို့ နည်းပြအန်းစလော့က လိဂ်ချန်ပီယံဆုဆီ ခြေတစ်လှမ်းတိုးနိုင်ခဲ့တဲ့ပွဲစဉ်အပြီး ပြောကြားခဲ့ပါတယ်။

လူးဝစ်ဒီယက်ဇ်ရဲ့ပထမပိုင်းပွဲချိန်ဦးဆောင်ဂိုးကို ဧည့်သည်ဝက်စ်ဟမ်းက ပွဲချိန် ၈၆ မိနစ်မှာ ရော်ဘတ်ဆန်ရဲ့ O.G နဲ့အတူ ပြန်လည်ချေပခဲ့ပါတယ်။ နောက်သုံးမိနစ်အကြာမှာပဲ ဗန်ဒိုက်က အိမ်ရှင်တွေအတွက် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ လီဗာပူးအသင်းက အမှတ်ပေးဇယားဒုတိယနေရာရှိ အာဆင်နယ်ကို ၁၃ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီး လက်ကျန်ခြောက်ပွဲအနက် နှစ်ပွဲအနိုင်ရရှိမယ်ဆိုရင် အန်းစလော့လက်အောက် ပထမဆုံးဆုဖလားဖြစ်တဲ့ အသင်းရဲ့ဒုတိယအကြိမ်မြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ပါလိမ့်မယ်။ အန်းစလော့ရဲ့အသင်းက မတ်လ၊ လိဂ်ဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန် အန်းစလော့က “ အခုဘောလုံးရာသီတလျှောက်လုံးမှာလည်း ကျွန်တော်တို့တွေ ဒါမျိုးလုပ်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီကိုရှုံးနိမ့်ပြီး ချန်ပီယံလိဂ်မှစိတ်ပျက်ဖွယ်ထွက်ခွာလာရပြီးနောက် အခုလိုစိတ်ဓါတ်မျိုးကို သုံးရက်တစ်ပွဲနှုန်းလိုအခိုက်အတန့်မျိုးတွေမှာ ထပ်ခါထပ်ခါ ပြသခဲ့ပါတယ်။ ကျွန်တော်တို့အတွက် လွယ်လွယ်ကူကူနဲ့အနိုင်ရရှိတဲ့ပွဲစဉ်ဆိုတာ မရှိပါဘူး။ လွယ်ကူတဲ့နည်းလမ်းကတော့ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်ပြီး ဘောလုံးထိချက် ငါးကြိမ်လောက်နဲ့ပဲ တစ်ဂိုးပြီးတစ်ဂိုး သွင်းယူနေတာမျိုး ဖြစ်ပါတယ်။ အခုဘောလုံးရာသီမှာ တစုံတရာကို ဆွတ်ခူးရရှိမယ်ဆိုရင် ဒါက ကစားသမားတွေပြသခဲ့တဲ့ စိတ်ဓါတ်ပိုင်းနဲ့ပဲ အဓိကသက်ဆိုင်ပါလိမ့်မယ်။ ဒီလိုစိတ်ဓါတ်ပိုင်းကို ဒီနေ့မှာလည်း ကောင်းကောင်းမြင်တွေ့ခဲ့ရပါတယ်”လို့ ပြောပါတယ်။

လီဗာပူးအသင်းက ပြီးခဲ့တဲ့သီတင်းပတ်၊ ဖူလ်ဟမ်ကိုရှုံးနိမ့်မှုအပါအဝင် အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နှစ်ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ အန်းစလော့ကိုယ်တိုင်လည်း ဒုတိယပိုင်းပွဲချိန်အတွင်း ဝက်စ်ဟမ်းရဲ့တိုးတက်လာတဲ့ကစားပုံကြောင့် သူ့အသင်း နောက်ထပ်အမှတ်လျော့ကျသွားနိုင်မှုအပေါ် စိုးရိမ်မိခဲ့တယ်လို့ ဝန်ခံပြီး အရေးပါတဲ့ဂိုးပေါက်ကာကွယ်မှုအချို့နဲ့ ပွဲစဉ်ထဲမှာ လီဗာပူးအသင်းဆက်ရှိနေအောင် ကူညီပေးခဲ့တဲ့ ဂိုးသမားအလီဆင်ကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

အန်းစလော့က “ အရမ်းခက်ခဲခဲ့တဲ့ ဒုတိယပိုင်းပွဲချိန်ပါ။ ပါကွီတာနဲ့ ကူဒက်စ်တို့က တစ်ပွဲလုံး မယုံကြည်နိုင်လောက်အောင် ကစားပြနေလို့ ကျွန်တော်တို့အတွက် အလီဆင် လိုအပ်ခဲ့ပါတယ်။ ဒီနောက် ကျွန်တော်တို့တွေ ကိုယ့်ဂိုးကိုယ်သွင်းယူမိပြီး ချေပဂိုးပေးလိုက်ရပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း အတွေ့အကြုံတွေအရ ဒါက ဘယ်လောက်အထိ စိတ်ပျက်သွားစေနိုင်သလဲ? ဗန်ဒိုက်ရဲ့အနိုင်ဂိုးကတော့ ကောင်လေးတွေမှာ ဘယ်လိုစိတ်ဓါတ်မျိုးရှိနေသလဲဆိုတာ ပြသသွားပါတယ်။

ဒါက ကျွန်တော်တို့တင် မဟုတ်ပါဘူး။ ကျွန်တော် ပြန်ရောက်လာတဲ့အချိန်မှာ ချဲလ်ဆီးနဲ့ အစ်ဆွစ်ချ်တို့ နှစ်ဂိုးစီသရေကျတဲ့ရလဒ်ကို မြင်တွေ့ခဲ့ပါတယ်။ အခုအချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲက အရမ်းအားကောင်းနေလို့ ဘယ်သူမဆို လွယ်လွယ်ကူကူနဲ့ အနိုင်မရရှိနိုင်တော့ပါဘူး။ နိုင်ပွဲရရှိဖို့အတွက် ကြိုးစားအားထုတ်မှုတွေ အများကြီးလုပ်ဆောင်ရပါတယ်”လို့ ပြောပါတယ်။