The network connection is lost.

Banner Image

တိုမီနေးရဲ့လက်ရှိခြေစွမ်းက ဘယ်လင်ဟမ်ရဲ့အကောင်းဆုံးချိန်ကခြေစွမ်းနဲ့ တူညီနေတယ်လို့ပြောကြားလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ရီယိုဖာဒီနန်က ပြီးခဲ့တဲ့နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့တဲ့ ကွင်းလယ်လူ စကော့မက်တိုမီနေးရဲ့ လက်ရှိခြေစွမ်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်ရဲ့ အကောင်းဆုံးအချိန်အကခြေစွမ်းနဲ့ ကွာဟမှုမရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ အသင်းရဲ့အကယ်ဒမီထုတ်ကုန် တိုမီနေးနဲ့ ပြီးခဲ့တဲ့နွေရာသီမှာလမ်းခွဲခဲ့ပြီး ကစားသမားဟာ စီးရီးအေကလပ် နာပိုလီသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ အီတလီမြေသို့စတင်ရောက်ရှိချိန်ကတည်းက ခြေစွမ်းပြသနေတဲ့ တိုမီနေးဟာ ယခုအခါမှာတော့ နာပိုလီရဲ့ အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်မှ ထွက်ခွာသွားခဲ့တဲ့ ကစားသမားတွေဟာ အသင်းသစ်တွေမှာ ခြေစွမ်းကောင်းတွေပြသလေ့ရှိပြီး တိုမီနေးနဲ့ အီလန်ဂါတို့က ထင်ရှားတဲ့သက်သေတွေဖြစ်ပါတယ်။ ဒါကြောင့် ဖာဒီနန်အနေနဲ့ ပြီးခဲ့တဲ့ဆောင်းရာသီဈေးကွက်မှာ အသင်းကနေထွက်ခွာသွားခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကလည်း အက်စတွန်ဗီလာမှာ ခြေစွမ်းကောင်းတွေပြန်လည်ရရှိမယ်လို့ ယုံကြည်ထားတယ်လို့ဆိုပါတယ်။ 

နောက်ခံလူဟောင်းက “အန်တိုနီဆိုရင် အသင်းသစ်အတွက် ၂ ပွဲကစားပြီးချိန်မှာ ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးထားနိုင်ပါတယ်။ ပြီးတော့ ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ပြီးတော့ တိုမီနေးကလည်း ဘယ်လင်ဟမ်ရဲ့အကောင်းဆုံးအချိန်ကခြေစွမ်းမျိုးနဲ့ နာပိုလီအတွက် ကစားပေးထားနိုင်ပါတယ်။ အီလန်ဂါကလည်း အမြင့်ပျံနေတဲ့ တောင်ပံကစားသမားတစ်ယောက်ဖြစ်နေပါပြီ”

“အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာသွားခဲ့တဲ့ ဒီကစားသမားတွေအားလုံး အခုချိန်မှာ ဖိအားကင်းကင်းနဲ့ ကစားနိုင်ကြလို့ အခုလိုပဲ ခြေစွမ်းကောင်းတွေပြန်ရလာခဲ့တာပါ။ ယူနိုက်တက်နဲ့ အခြားအသင်းတွေရဲ့ ကွဲပြားခြားနားမှုက ဒါပါပဲ။ ရက်ရှ်ဖို့ဒ်ကိုလည်း အသင်းသစ်မှာတိုးတက်လာတာကို မြင်တွေ့ရပါဦးမယ်။ ယူနိုက်တက်မှာ သော့ပိတ်ခံခဲ့ရတဲ့ကစားသမားတွေကို အသင်းသစ်တွေက သော့ပြန်ဖွင့်ပေးနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်မှာ နည်းပြသစ် ရူဘင်အာမိုရင်နဲ့ သဘောထားကွဲလွဲမှုတွေရှိခဲ့တာကြောင့် နောက်ဆုံးမှာ အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ အင်္ဂလန်သားဟာ အသင်းသစ်အတွက် ပါဝင်ကစားပေးထားနိုင်ပြီဖြစ်ပေမယ့် အခုချိန်အထိတော့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ မရရှိသေးပါဘူး။ 
လက်ရှိအချိန်မှာ တိုမီနေးရဲ့နာပိုလီဟာ အီတလီစီးရီးအေအမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်ထားနိုင်သလို၊ ရက်ရှ်ဖို့ဒ်ရဲ့အက်စတွန်ဗီလာကလည်း ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ထားနိုင်ပါတယ်။