ဝက်စ်ဟမ်းနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဆာဗင်ဟိုကို ချီးကျုးပြောဆိုမှုတွေအသီးသီးပြုလုပ်ခဲ့တဲ့ ဂွါဒီယိုလာနဲ့ ဒီဘရိုင်း
ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၄-၁ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် နိုင်ပွဲအတွက် အဓိကကျခဲ့တဲ့ မန်စီးတီးတောင်ပံကစားသမား ဆာဗင်ဟိုကို အသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာနဲ့ အသင်းခေါင်းဆောင် ကယ်ဗင်ဒီဘရိုင်းတို့က ချီးကျူးပြောဆိုမှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။
ယခုပွဲစဉ်မှာ တိုက်စစ်မှူး အာလင်းဟာလန်းအတွက် ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဆာဗင်ဟိုဟာ ပြီးခဲ့တဲ့အပတ်က လက်စတာကို ၂-၀ နဲ့အနိုင်ရတဲ့ပွဲစဉ်မှာလည်း သွင်းဂိုး ၁ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပက်ဂွါဒီယိုလာအနေနဲ့ ဘရာဇီးသားရဲ့ခြေစွမ်းကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ထရိုင်ရက်စ်ကနေ မြင့်မားတဲ့တန်ကြေးနဲ့ပြောင်းရွှေ့လာခဲ့တဲ့ အသက်-၂၀ နှစ်အရွယ်ကစားသမားဟာ ယခုရာသီမှာ မန်စီးတီးအတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲမှာ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ မန်စီးတီးရဲ့ရလဒ်ဆိုးတွေရဲ့အကြား ဆာဗင်ဟိုလည်း ရုန်းကန်ခဲ့ရပြီး ၁၁ ပွဲဆက်တိုက် ဂိုးသွင်းယူမှုရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။
ယခုအခါမှာတော့ ဂွါဒီယိုလာက “ကျွန်တော်ထင်တာကတော့ သူက စိတ်ကိုရှင်းရှင်းလင်းလင်းထားတတ်ပုံပေါ်ပါတယ်။ သူ့ခေါင်းထဲမှာ အလွန်အကျွံတွေးထားတာမျိုးမရှိပါဘူး။ ဒီလိုအသင်းမှာကစားရင် တစ်ခုခုရမှဖြစ်မယ်လို့တွေးထားတတ်တဲ့ ကစားသမားမျိုးတွေရှိပါတယ်။ ဒါက ကြီးမားတဲ့အမှားပါ။ သူကတော့အဲဒါကိုတွေးထားပုံမရဘဲ သူ့ကိုယ်သူတိုးတက်ဖို့ပဲ ကြိုးစားနေတာပါ”
“ဆာဗင်ဟိုမှာ အရာအားလုံးကိုအနိုင်ရဖို့ သက်သေပြနိုင်တဲ့အရည်အချင်းတွေရှိပါတယ်။ နောက်ထပ်အများကြီးတိုးတက်ဖို့လည်း ကျန်နေပါသေးတယ်။ ဒါပေမယ့် သူက ဘောလုံးမရတဲ့အချိန်တွေမှာတော့ သိပ်ပြီးတော့ စိတ်ဓာတ်မပြင်းထန်ပါဘူး။ ဒါပေမယ့် အခုချိန်မှာသူက အသင်းကို ကူညီနိုင်တဲ့ ထူးခြားတဲ့ကစားသမားဖြစ်နေပါပြီ။ လက်စတာနဲ့ပွဲမှာ သူသွင်းခဲ့တဲ့ဂိုးက ကံကောင်းလို့ပါ။ ဒါပေမယ့် ဂိုးဖန်တီးမှုတွေကတော့ တကယ်ထူးချွန်ပါတယ်။ သူ့ကိုအသင်းမှာပိုင်ဆိုင်ထားရတာ ကျေနပ်စရာပါ” လို့ပြောကြားခဲ့ပါတယ်။
ဒီဘရိုင်းကလည်း “သူက ရာသီအစမှာကတည်းက ဘယ်လိုကစားသမားမျိုးဖြစ်သလဲဆိုတာ သက်သေပြထားပြီးသားပါ။ သူ့အတွက်အခက်အခဲဆိုတာအရမ်းနည်းပါတယ်။ လူငယ်ကစားသမားတစ်ယောက်အနေနဲ့ မန်စီးတီးလိုအသင်းမှာအခြေကျဖို့ ခက်ခဲပေမယ့် သူကတော့ စွမ်းဆောင်ရည်ကောင်းကိုပြသထားနိုင်ပါတယ်။ အခုနောက်ပိုင်းပွဲတွေမှာလည်း သူယုံကြည်ချက်ကို တည်ဆောက်လာနိုင်ပြီလို့ထင်ပါတယ်။ ပြီးခဲ့တဲ့အပတ်က အသင်းကိုကူညီနိုင်ခဲ့သလို ဒီနေ့ပွဲမှာလည်း တကယ်ကိုစွမ်းဆောင်ရည်ကောင်းခဲ့ပါတယ်” လို့ချီးကျူးခဲ့ပါတယ်။
ခြေစွမ်းကောင်းကိုတောက်လျှောက်ပြသထားနိုင်တဲ့ ဆာဗင်ဟိုဟာ ယခုအခါမှာ ဂျက်ခ်ဂရီးလစ်ရှ်နဲ့ ဂျရယ်မီဒိုကူတို့ထက် နေရာပိုရနေတာဖြစ်ပါတယ်။ လာမယ့်ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ မန်စီးတီးဟာ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဆဲလ်ဖို့ဒ်ကို အီတီဟတ်မှာ ဧည့်ခံကစားသွားရပါမယ်။