
မန်စီးတီးနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်လိုက်တဲ့ ဆာဗင်ဟို
မန်ချက်စတာစီးတီးတောင်ပံကြယ်ပွင့်ဆာဗင်ဟိုဟာ အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။ ဘရာဇီးလက်ရွေးစင်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အီတီဟတ်မှထွက်ခွာပြီး အသင်းသစ်သို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမယ့် ယခုအခါမှာတော့ မန်စီးတီးမှာ ကာလရှည်ဆက်နေဖို့ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ဆာဗင်ဟိုဟာ ယခုရာသီမှာတော့မန်စီးတီးအတွက် ပုံမှန်ပွဲထွက်ခွင့်မရသေးဘဲ ဘန်လေနဲ့ယှဉ်ပြိုင်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ ဟက်ဒါဖီးလ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ် ၂ ပွဲမှာသာ ပွဲထွက်ခွင့်ရထားပါသေးတယ်။ မန်စီးတီးနဲ့စာချုပ်သစ်ချုပ်ဆိုပြီးနောက် ဆာဗင်ဟိုက “မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့လို့ ကျွန်တော်အရမ်းဂုဏ်ယူပါတယ်။ ပက်ဂွါဒီယိုလာနဲ့ ကလပ်ရဲ့ ကျွန်တော့်အပေါ်ထားတဲ့သဘောထားကိုသိရလို့လည်း ကျေနပ်မိပါတယ်။ ဒီစာချုပ်က ကျွန်တော့်အတွက်ရော ကျွန်တော့်မိသားစုအတွက်ပါ အရမ်းအဓိပ္ပာယ်ရှိပါတယ်”
ဆက်လက်ပြီး ဘရာဇီးသားက “အသင်းရဲ့ပရိသတ်တွေက ကျွန်တော့်ကို နွေးနွေးထွေးထွေးဆက်ဆံကြပါတယ်။ ကျွန်တော်အပြင်မှာ မိသားစုနဲ့အတူ ဈေးဝယ်ထွက်တိုင်း ပရိသတ်တွေက ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပါတယ်။ ဂိုးတွေသွင်းနိုင်တဲ့အခါ ကျွန်တော်အရမ်းပျော်ပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုအတွက် ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်စဉ်မှာ ဘန်လေကို ၅-၁ နဲ့ဂိုးပြတ်အနိုင်ယူခဲ့တဲ့ မန်စီးတီးဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဂိုးပြတ်နိုင်ပွဲဆက်လက်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။