
ဆန်ချိုကို အသင်းမှာ နောက်တစ်ရာသီဆက်လက်ထားရှိဖို့ စဉ်းစားထားခြင်းမရှိဘူးလို့ မာရက်စ်ကာပြောကြား
ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက မန်ချက်စတာယူနိုက်တက်မှ အသင်းသို့ တစ်ရာသီအငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကစားသမားကို အသင်းမှာ နောက်ထပ်တစ်ရာသီဆက်လက်ထားရှိဖို့ မစဉ်းစားထားကြောင်း ပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာလာခဲ့တဲ့ ဆန်ချိုကို ချဲလ်ဆီးဟာ ယခုရာသီအကုန်မှာ အငှားစာချုပ်ပါသဘောတူညီချက်အရ ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ဝယ်ယူဖို့ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း သတင်းတွေအရ ချဲလ်ဆီးဟာ ကစားသမားကို အပြီးသတ်မခေါ်ယူဘဲ ယူနိုက်တက်သို့ပြန်လည်စေလွှတ်ကာ လျော်ကြေးပေါင် ၅ သန်းကို ပေးချေသွားမယ်လို့ သိရပါတယ်။
သောကြာနေ့မှာတော့ နည်းပြမာရက်စ်ကာက ဆန်ချိုကို အသင်းမှ စထရာဘော့သို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့ကစားနေတဲ့ ဆန်းတို့စ်နဲ့ နှိုင်းယှဉ်ပြောကြားလာခဲ့ပြီး ကစားသမား ၂ ဦးစလုံးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်လက်ထားရှိဖို့ မသေချာကြောင်း အသိပေးလာခဲ့ပါတယ်။
အီတလီသားနည်းပြက “ကျွန်တော်တို အသင်းမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေရရှိဖို့လိုအပ်နေကြောင်း ဆန်ချိုကို ပြောထားပါတယ်။ ဆန်ချိုရဲ့ လက်ရှိခြေစွမ်းက ပိုကောင်းလာပေမယ့် ဂျက်ဆန်၊ ပယ်မာ၊ မာဒူကီ၊ နက်တိုနဲ့ ဖာနန်ဒက်ဇ်တို့ဆီကနေလည်း သွင်းဂိုးနဲ့ ဖန်တီးမှုတွေလိုအပ်ပါတယ်”
“ဆန်ချိုရဲ့အနာဂတ်က ဆန်းတို့စ်နဲ့ အတူတူပါပဲ။ လောလောဆယ်မှာတော့ ကစားသမား ၂ ယောက်စလုံးကို နောက်ရာသီအထိ အသင်းမှာဆက်ထားဖို့ မစဉ်းစားရသေးပါဘူး။ ရာသီကုန်မှာ အကောင်းဆုံးပုံစံနဲ့ ပိတ်သိမ်းနိုင်ဖို့ပဲ အာရုံစိုက်ထားလို့ပါ” လို့ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ ဒေါ့မွန်မှ မန်ချက်စတာယူနိုက်တက်သို့ ပေါင် ၇၃ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ဆန်ချိုဟာ အိုးလ်ထရက်ဖို့ဒ်မှာ ခြေစွမ်းပြသဖို့ရုန်းကန်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ရာသီမှာလည်း ဒေါ့မွန်သို့ အငှားနဲ့ ပြန်လည်ထွက်ခွာထားခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမာရက်စ်ကာရဲ့ပြောစကားအရ အင်္ဂလန်သားဟာ ရာသီကုန်မှာ ယူနိုက်တက်သို့ တဖန်ပြန်လည်ရောက်ရှိလာဖို့ အလားအလာများနေပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ ချဲလ်ဆီးဟာ ဖူလ်ဟမ်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတာကြောင့် ယခုပွဲစဉ်ကို မဖြစ်မနေအနိုင်ကစားဖို့လိုအပ်နေပါတယ်။