အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ လွဲချော်ပြီးနောက် ချဲလ်ဆီးမှာ ပျော်ပျော်ရွှင်ရွှင်ဘောလုံးကစားဖို့ ပယ်လ်မာဆီ တိုက်တွန်းလိုက်တဲ့ အလွန်ဆို
ချဲလ်ဆီးနည်းပြအလွန်ဆိုက အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ မပါဝင်လာတဲ့ ကိုးလ်ပယ်လ်မာနဲ့ပတ်သက်လို့ ကျေနပ်မိတယ်လို့ အခိုင်အမာပြောကြားခဲ့ပြီး ကလပ်အသင်းမှာ ခြေစွမ်းပြသဖို့သာ အာရုံစိုက်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း အင်္ဂလန်နည်းပြသောမတ်စ်တူချယ်လ်က ဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်သွားတဲ့ ပယ်လ်မာနဲ့ပတ်သက်လို့ နိုင်ငံ့အတွက်ကစားပေးနိုင်မယ့် အခွင့်အရေးနဲ့ အများကြီးလွဲချော်ခဲ့သူလို့ ပြောကြားခဲ့ဖူးပါတယ်။
ခရိုအေးရှား၊ စပိန်တို့နဲ့ကစားမယ့် နေးရှင်လိဂ်ပွဲစဉ်တွေအတွက် နောက်ဆုံးလူစာရင်းကို သောကြာနေ့မှာ ထုတ်ပြန်ကြေညာပြီးနောက် ဂျာမန်လူမျိုးနည်းပြက ဒီသတင်းစကားကို ထပ်မံအတည်ပြုပြောဆိုခဲ့ပါတယ်။
တူချယ်လ်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှ ချန်လှပ်ခံခဲ့ရတဲ့ အသက် ၂၄ နှစ်အရွယ်ကစားသမားက အခုဘောလုံးရာသီအစပိုင်း၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်နေခဲ့ရပါတယ်။
လတ်တလောမှာ သူက ပြိုင်ပွဲစုံ ၁၁ ပွဲကစား၊ ငါးဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုသုံးကြိမ် ပြုလုပ်ကာ မော်ဂန်ရော်ဂျာစ်၊ ဂျော်အိုပက်ဒရိုတို့နဲ့အတူ ကောင်းမွန်တဲ့တိုက်စစ်အတွဲအဖက်ကို ဖန်တီးထားပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့လ၊ တော့တင်ဟမ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်မှာ ပယ်လ်မာက အနီကတ်ပြစ်ဒဏ် ထိခဲ့သလို သြဂုတ်လနောက်ပိုင်းမှစလို့ ပရီးမီးယားလိဂ်မှာ ပုံမှန်ကစားကွက်မှတဆင့် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါဘူး။
အလွန်ဆိုက "ပယ်လ်မာရဲ့အရည်အသွေး၊ စိတ်ဓာတ်ပိုင်းနဲ့ အသင်းဖော်တွေအပေါ် သူဖန်တီးပေးနိုင်တဲ့ အကျိုးသက်ရောက်မှုတွေအတွက် ကျွန်တော် အလွန်ကျေနပ်မိပါတယ်"
"ကျွန်တော်တို့ ချဲလ်ဆီးအကြောင်းပဲ ပြောကြတာပေါ့၊ ကျွန်တော်တို့မှာ ကိုင်တွယ်ဖြေရှင်းစရာတွေ အပြည့်ရှိနေပါတယ်။ သီတင်းပတ်တိုင်းရဲ့ပွဲစဉ်တွေကိုပဲ ကျွန်တော်တို့ အာရုံစိုက်သွားဖို့ လိုအပ်ပြီး ဒါက ကျွန်တော် အကျိုးသက်ရောက်မှုပေးနိုင်သလို ပြောဆိုနိုင်တဲ့အရာလည်း ဖြစ်ပါတယ်" လို့ ပြောပါတယ်။
စပိန်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ ဂိုးသွင်းယူပြီးနောက် ပယ်လ်မာက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ငါးပွဲသာ ပါဝင်ကစားပေးထားပါတယ်။
အလွန်ဆိုက "ပယ်လ်မာကိုယ်တိုင်လည်း ကောင်းမွန်တဲ့ ဘောလုံးကစားဟန်ကို ပြသဖို့နဲ့ ချဲလ်ဆီးနဲ့အတူ ဘောလုံးကစားရတာကို ပျော်မွေ့နေဖို့ပဲ အာရုံစိုက်သွားဖို့ လိုအပ်ပါတယ်"
"တော့တင်ဟမ်နဲ့ပွဲစဉ်အပြီး အနီကတ်ပြစ်ဒဏ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ စကားပြောခဲ့ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီအကြောင်းအရာအပြင် ပွဲစဉ်အကြောင်း၊ ဘောလုံးအကြောင်းနဲ့ ကျွန်တော်တို့ ဘာတွေကိုပိုကောင်းအောင်လုပ်နိုင်မလဲဆိုတာကိုပဲ ပိုပြောဖြစ်ပါတယ်" လို့ ဆက်ပြောခဲ့ပါတယ်။