
ဘင်ဖီကာနဲ့ မော်ရင်ဟိုတို့ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်တဲ့ ရူဘင်ဒီယက်စ်
မန်ချက်စတာစီးတီးနောက်ခံလူ ရူဘင်ဒီယက်စ်က တနင်္ဂနွေနေ့က အာဆင်နယ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ ဘင်ဖီကာနဲ့ လက်ရှိဘင်ဖီကာကို စတင်ကိုင်တွယ်နေတဲ့ နည်းပြဟိုဆေးမော်ရင်ဟိုတို့ ကံကောင်းပါစေလို့ ဆုတောင်းစကားပြောကြားပေးခဲ့ပါတယ်။
ဘင်ဖီကာနဲ့ မော်ရင်ဟိုတို့ အောင်မြင်နိုင်မလားလို့ မေးမြန်းခဲ့ရာမှာ ဒီယက်စ်က "ကျွန်တော်ငယ်ငယ်ကတည်းက အခုချိန်အထိ ဘင်ဖီကာက ကျွန်တော့်ရဲ့နှလုံးသားထဲမှာအမြဲတမ်းရှိနေခဲ့ပါတယ်။ မော်ရင်ဟိုနဲ့ ဘင်ဖီကာတို့ အတူတူလက်တွဲပြီး ကံကောင်းကြပါစေလို့ ဆုတောင်းပါတယ်။ မော်ရင်ဟိုအနေနဲ့လည်း ဘင်ဖီကာမှာအဆင်ပြေမယ်လို့ ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နဲ့ယှဉ်ပြိုင်ခဲ့ရတဲ့အပေါ် ပေါ်တူဂီလက်ရွေးစင်က "ဒီပွဲက အရမ်းခက်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ အသင်းရဲ့ကစားသမားတွေ တိုက်ပွဲဝင်ခဲ့ကြပြီး တစ်ဦးနဲ့တစ်ဦးအချိတ်အဆက်မိမိနဲ့ ကစားနိုင်ခဲ့ကြပါတယ်။ ကစားသမားတွေအားလုံး တစ်စုတစ်ဝေးတည်း စည်းစည်းလုံးလုံးဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမိနစ်တွေမှာ ကျွန်တော်တို့ ပိုကောင်းလာခဲ့ပြီး သူတို့ဘက်က အခွင့်အရေးမရအောင် ဟန့်တားနိုင်ခဲ့ပါတယ်။ သူတို့ ချေပဂိုးပြန်ရသွားတာကတော့ ဘောလုံးမှာဖြစ်နေကျပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လမ်းမှန်ပေါ်မှာ အရှိန်အဟုန်နဲ့ ဆက်သွားနေတယ်လို့ယုံကြည်ပြီး တိုးတက်မှုတွေရရှိဖို့ ဆက်လက်ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
မကြာသေးမီကဖြစ်ပေါ်လာခဲ့တဲ့ မန်စီးတီးရဲ့ လူစာရင်းအပြောင်းအလဲတွေနဲ့ပတ်သက်ပြီးတော့လည်း ဒီယက်စ်က "ဒီလိုပြောင်းလဲမှုတွေက သာမန်ပါပဲ။ ကစားသမားသစ်တွေအနေနဲ့ အသင်းမှာ အသားကျဖို့လိုသလို၊ ကျွန်တော်တို့ကလည်း သူတို့နဲ့တစ်သားတည်းဖြစ်နေဖို့လိုပါတယ်။ အသင်းမှာ တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်ရှိနေပါတယ်။ ဒါက တစ်ဦးနဲ့တစ်ဦး အချင်းချင်းကူညီပေးဖို့ အကျိုးပြုပါတယ်။ ဘေးမှာ ကိုယ်နဲ့ တစ်သားတည်းဖြစ်တဲ့အသင်းဖော်တွေရှိနေတယ်လို့ ခံစားရရင် ကျွန်တော်တို့ ဘယ်ပွဲမဆို အဆုံးအထိ တိုက်ပွဲဝင်နိုင်မှာပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။