ကွန်မြူနတီဒိုင်းပွဲစဉ်ရှုံးနိမ့်မှုအပြီး မန်စီးတီးအသင်း အကောင်းဆုံးပြန်လာမယ်လို့ ကြုံးဝါးလိုက်တဲ့ ရူဘင်ဒီယက်စ်
မန်စီးတီးနောက်ခံလူရူဘင်ဒီယက်စ်က အာဆင်နယ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး စိတ်ပျက်မိခဲ့တယ်လို့ ဝန်ခံခဲ့ပေမဲ့ သူအပါအဝင် မန်စီးတီးကစားသမားအားလုံး ဒီရှုံးပွဲကို မေ့ပစ်ပြီး ရှေ့ဆက်ဖို့အတွက် အဆင်သင့်ရှိနေပြီလို့ ဆိုပါတယ်။
ကာဒစ်ဖ်မြို့ရှိ Principality Stadium မှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ကာလာဖီအိုရီ၊ ကိုင်ဟားဗက်ဇ်နဲ့ အိုဒီဂတ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ဂန်းနားတွေ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။
ရူဘင်ဒီယက်စ်ကတော့ အခုလိုရှုံးနိမ့်ခဲ့ပေမဲ့ မန်စီးတီးကစားသမားအားလုံး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ အာရုံစိုက်ပြီး လာမယ့်တနင်္ဂနွေနေ့၊ ဘုန်းမောက်နဲ့ရင်ဆိုင်ရမယ့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအဖွင့်ပွဲစဉ်မှာ အကောင်းဆုံးပြန်လာနိုင်ဖို့ အသင့်ရှိနေတယ်လို့ အလေးအနက်ပြောကြားခဲ့ပါတယ်။
"ပွဲစတင်လာတဲ့ပုံစံက ကိုယ့်ကို ရုတ်တရက် အခက်တွေ့စေပြီး အာဆင်နယ်ကိုတော့ သူတို့ စိတ်ကြိုက်စိုးမိုးကစားနိုင်ဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားပါတယ်" လို့ ရူဘင်ဒီယက်စ်က မန်စီးတီးအသင်းဝက်ဘ်ဆိုဒ်ဆီ ပြောပါတယ်။
"တကယ်တော့ ဒါက အစပဲ ရှိပါသေးတယ်။ အရေးကြီးဆုံးက ကျွန်တော်တို့တွေ အနာဂတ်ဆီ ဦးတည်နေကြတာပါပဲ။ လာမယ့်ပွဲစဉ်အတွက် ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါလိမ့်မယ်။ ကျွန်တော်ကတော့ ရာသီကြိုလေ့ကျင့်ရေးကာလရဲ့အလယ်လောက်မှ ပူးပေါင်းခဲ့တာပါ။ ဒါက ပြန်လာပြီးနောက်ပိုင်း ကျွန်တော့်အတွက် တတိယမြောက်ပွဲစဉ်လည်း ဖြစ်ပါတယ်။ ခံစားချက်ကတော့ ကောင်းပါတယ်" လို့ သူက ဆိုပါတယ်။
ဒါ့အပြင် "ဒီနေ့အတွက်တော့ စိတ်ပျက်စရာပါပဲ။ ဗိုလ်လုပွဲဖြစ်တာကြောင့် ကျွန်တော်တို့ သေချာပေါက် နိုင်ချင်ခဲ့ပါတယ်။ သင်ခန်းစာယူရမယ်ဆိုရင်လည်း ဒီပွဲကပဲ ယူလိုက်ကြရအောင်။ ရှေ့မှာ ရင်ဆိုင်ရမယ့်ကိစ္စတွေ အများကြီးကျန်သေးလို့ပါ" လို့ ဒီယက်စ်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။