ကလပ်ဂန္တဝင်တွေအပေါ် လေးစားမှုမရှိဘူးဆိုပြီး ဘာစီလိုနာအသင်းကို ဝေဖန်လိုက်တဲ့ ရော်နယ်ကိုးမန်း
နယ်သာလန်လက်ရွေးစင်အသင်းနည်းပြရော်နယ်ကိုးမန်းက ကလပ်အသင်းဂန္တဝင်တွေအပေါ် လေးစားမှုကင်းမဲ့နေတဲ့ ဘာစီလိုနာအသင်းအပေါ် ဝေဖန်ပြောဆိုလိုက်ပေမယ့် ကတ္တလန်ဒေသခံကလပ်ဆီ ပြန်သွားနိုင်ရေး စိတ်ကူးရှိနေပါတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
ကိုးမန်းက အနာဂတ်မှာ ဘာစီလိုနာအသင်းဆီ ပြန်သွားချင်နေပေမယ့် နည်းပြတာဝန်နဲ့တော့ မဟုတ်ဘူးလို့ ရှင်းပြပါတယ်။ ဒတ်ချ်လူမျိုးနည်းပြက လူငယ်ကစားသမားတွေ ဖွံ့ဖြိုးတိုးတက်လာရေးကူညီပေးဖို့ သူချစ်ရတဲ့ကလပ်အသင်းနဲ့ ပြန်လည်ပေါင်းစည်းချင်နေတာပါ။
ဒါပေမယ့် အသက်-၆၁ နှစ်အရွယ်နည်းပြကြီးအနေဖြင့် လက်ရှိအသင်းဥက္ကဋ္ဌလာပေါ်တာလက်ထက်မှာတော့ ဘာစီလိုနာပြန်သွားဖို့ရာ မဖြစ်နိုင်ပါဘူး။ သူက လက်ရှိအကြီးအကဲလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၂၁ ခုနှစ်မှာ ဘာစီလိုနာနည်းပြတာဝန်မှ ရပ်ဆိုင်းခံခဲ့ရသူ ဖြစ်ပါတယ်။
ဒါပေမယ့် ကိုးမန်းကတော့ နူးကမ့်ကလပ်အသင်းကို ဝေဖန်နေဆဲဖြစ်ပြီး လတ်တလောရုန်းကန်းနေရမှုအတွက် သူအပါအဝင် မက်ဆီ၊ ဇာဗီတို့လို အသင်းဂန္တဝင်ကြီးတွေကို စော်ကားခဲ့တယ်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် စပိန်ကြယ်ပွင့် နီကိုဝီလျံစ်လို ထိပ်တန်းကစားသမားတွေကိုဝယ်ယူဖို့ ကြိုးစားခြင်းထက် အခုစိတ်ဓါတ်ပိုင်းကို ပြောင်းလဲပစ်နိုင်ဖို့က ပိုအရေးကြီးပါတယ်လို့ ကိုးမန်းက အကြံပြုခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဒတ်ချ်လူမျိုးနည်းပြကြီးက “ ကျွန်တော့်မှာ ဘာစီလိုနာအသင်းဆီ ပြန်သွားဖို့အတွက် အိပ်မက်တစ်ခုရှိထားပေမယ့် နည်းပြတစ်ဦးအနေနဲ့တော့ မဟုတ်ပါဘူး။ ကျွန်တော်က ကစားသမားတွေရဲ့နည်းစနစ်ပိုင်းအရည်အသွေး တိုးတက်လာရေး ကူညီပေးဖို့ပဲ လိုလားပါတယ်။ လတ်တလောနှစ်တွေအတွင်း ဘာစီလိုနာရဲ့ပြဿနာက မက်ဆီ၊ ဇာဗီနဲ့ ကျွန်တော်တို့လို လူပုဂ္ဂိုလ်တွေကို အသင်းမှ ထွက်သွားစေခဲ့တာပဲ ဖြစ်ပါတယ်။ ကလပ်အသင်းရဲ့ဂန္တဝင်တွေကို လေးစားမှုရှိတာ ပိုကောင်းပါလိမ့်မယ်။ နီကိုဝီလျံစ်လို ကစားသမားတွေအတွက် ကြိုးပမ်းနေခြင်းထက် ဒီအပြုအမူတွေကို ပြောင်းလဲပစ်နိုင်ဖို့က ပိုအရေးကြီးပါတယ်”လို့ ပြောပါတယ်။
လက်ရှိမှာ ဘာစီလိုနာအသင်းက နည်းပြသစ်ဟန်စီဖလစ်ခ်နဲ့အတူ လာမယ့်သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံဆီထွက်ခွာပြီး မဟာပြိုင်ဘက်ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ အေစီမီလန်တို့နဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပါတယ်။