The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ကနေ အယ်လ်နာဆာသို့ ပြောင်းရွှေ့ပြီးနောက် ပြင်သစ်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရခြင်းအပေါ် ကာကွယ်ပြောကြားလိုက်တဲ့ ကိုးမန်း

ပြင်သစ် ကွင်းလယ်တိုက်စစ်ကစားသမား ကင်းစလေ ကိုးမန်းဟာ ယခုနှစ် နွေရာသီတွင် ဘိုင်ယန်မြူးနစ်မှ ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာသို့ ပြောင်းရွှေ့ခဲ့သော်လည်း ယခုလကျင်းပမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် ပြင်သစ်နည်းပြ ဒီဒီယာ ဒက်ချမ့်စ်ရဲ့ လူစာရင်းတွင် ထပ်မံရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ အသက် ၂၉ နှစ်အရွယ် ကိုးမန်းက နည်းပြရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့ပြီး စက်တင်ဘာလတွင် ဒဏ်ရာရကစားသမား အစားထိုးအဖြစ် ရွေးချယ်ခံရစဉ်ကကဲ့သို့ပင် သူ့ရဲ့ လက်ရှိခြေစွမ်းက အကောင်းဆုံးအဆင့်တွင် ရှိနေဆဲဟု ပြောကြားခဲ့ပါတယ်။

ဒက်ချမ့်စ်က လာမည့် အဇာဘိုင်ဂျန်နှင့် အိုက်စလန်တို့နှင့် ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် ကိုးမန်းကို ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ ဆော်ဒီသို့ ပြောင်းရွှေ့သွားသော်လည်း ကိုးမန်းက ပြင်သစ်အသင်းအတွက် အဖိုးတန်ကစားသမားတစ်ဦးအဖြစ် ဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။

ဥရောပဘောလုံးလောကမှ ထွက်ခွာလာခြင်းနှင့် ပတ်သက်၍ သံသယများ ရင်ဆိုင်ခဲ့ရချိန်တွင် ကိုးမန်းက သူ့ရဲ့ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြောကြားခဲ့ပါတယ်။ L'Équipe မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူက ပွင့်ပွင့်လင်းလင်း တုံ့ပြန်ခဲ့ပါတယ်။

"ကျွန်တော် ဥရောပမှာ ၁၀ နှစ် ကစားခဲ့တယ်။ အခုမှ ဒီကို တစ်လပဲ ရှိသေးတာပါ။ ကိုယ့်အရည်အချင်းတွေ လျော့ကျသွားစရာ အကြောင်းမရှိပါဘူး။ ကျွန်တော် ဘိုင်ယန်မှာတုန်းက ကစားသမားအတိုင်းပါပဲ။ တစ်နှစ်အတွင်းမှာလည်း အဆင့်အတန်း ကျသွားမှာ မဟုတ်ပါဘူး"

"ကျွန်တော်ဟာ လက်ရွေးစင်အသင်းကို ကူညီဖို့ အမြဲတမ်း အသင့်ရှိပါတယ်။ ကျွန်တော့်ရဲ့ ခြေစွမ်းကို ထိန်းထားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံး ကစားသမားဖြစ်အောင် ကြိုးစားနေမှာပါပဲ။ ထိပ်တန်းအဆင့်ရဲ့ အတွေ့အကြုံတွေလည်း ကျွန်တော့်မှာ ရှိနေတုန်းပါပဲ" လို့ ကိုးမန်းက ယုံကြည်မှုရှိစွာ ပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲပြောင်းလဲခြင်းက သူ့ရဲ့နိုင်ငံအသင်းအတွက် ရည်မှန်းချက်များနှင့် ပွဲထွက်မှုကို မေးခွန်းထုတ်စရာမရှိဟု ကိုးမန်းက ယုံကြည်နေပါတယ်။ ပြင်သစ်အတွက် ၅၉ ပွဲ ကစားထားပြီး ၈ ဂိုး သွင်းယူထားသော ကိုးမန်းရဲ့ ဆော်ဒီသို့ ပြောင်းရွှေ့မှုက ဥရောပထိပ်တန်းဘောလုံးလောကရဲ့ ပြင်းထန်မှုမှ တဖြည်းဖြည်း ဝေးကွာသွားမည်ကို စောင့်ကြည့်သူအချို့က စိုးရိမ်ခဲ့ကြပါတယ်။ သို့သော်ထိုဝေဖန်မှုမျိုးက အရေးမကြီးတော့ကြောင်း "တခြားလူတွေ ဘယ်လိုထင်လဲဆိုတာကို လျစ်လျူရှုတတ်အောင် ကျွန်တော် သင်ယူခဲ့ပြီးပါပြီ" လို့  ကိုးမန်းက ပြောပါတယ်။

ထို့ပြင် ကိုးမန်းက ဆော်ဒီလိဂ်ရဲ့ အဆင့်အတန်း မြင့်တက်လာမှုကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ "ကျွန်တော် မြင်တွေ့ရတာကတော့ ကျွန်တော်တို့မှာ အသင်းကောင်းတစ်သင်း ရှိပြီး ဥရောပမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်"

"ကျွန်တော်ရဲ့ အရှိန်အဟုန်ကို ဆုံးရှုံးမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဘိုင်ယန်မှာ ပြီးခဲ့တဲ့ရာသီက ကစားခဲ့ရတာထက် ဒီမှာ ပိုပြီးတော့ ကစားရတယ်။ ဘိုင်ယန်မှာ မိနစ် ၂၀ ကစားရတာနဲ့ ပွဲတိုင်းကစားရတာ ဘယ်ဟာ ပိုကောင်းလဲ။ လူတွေက လွယ်တယ်လို့ ထင်ကြပေမဲ့ လေးနှစ်အကြာက လိဂ်နဲ့ အခုလိဂ်က အရမ်းကို ယှဉ်ပြိုင်မှု ပိုများလာပါတယ်" လို့ သူက ရှင်းပြခဲ့ပါတယ်။

ကိုးမန်းဟာ နွေရာသီက အယ်လ်နာဆာသို့ ရောက်ရှိပြီးနောက် ရော်နယ်ဒိုကဲ့သို့သော ကြယ်ပွင့်များနှင့်အတူ လျင်မြန်စွာ ခြေစွမ်းပြနေပါတယ်။ ပြိုင်ပွဲစုံ ၉ ပွဲသာ ကစားရသေးသော်လည်း ၃ ဂိုး သွင်းယူကာ ၅ ဂိုး ဖန်တီးပေးထားပြီး ခြေစွမ်းမတည်မငြိမ်ဖြစ်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်မှ ထွက်ခွာပြီးနောက် အစကောင်းတစ်ခု ရရှိထားပါတယ်။

ရီယာ့ဒ်တွင် ပုံမှန်ပွဲကစားခွင့် ရရှိနေတဲ့ ကိုးမန်းက ယုံကြည်မှုနှင့် ခြေစွမ်းကို ပြန်လည်ရရှိနေပြီဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းပြန်လည် တည်ငြိမ်လာမှုက ကစားသမားရွေးချယ်ရာတွင် ခြေစွမ်းကိုသာ ဦးစားပေးသော နည်းပြ ဒက်ချမ့်စ်ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲများ စတင်နေချိန်တွင် ကိုးမန်းက ဆော်ဒီသို့ ပြောင်းရွှေ့မှုအပေါ် သံသယများကို ဖြေရှင်းကာ နိုင်ငံအသင်းတွင် သူ့ရဲ့ နေရာကို ခိုင်မာအောင် လုပ်ဆောင်ရန် ရည်မှန်းထားပါတယ်။