ယူရိုဗိုလ်လုပွဲအထိ မရောက်ခဲ့ပေမယ့် အသင်းအတွက် ဂုဏ်ယူတယ်လို့ပြောကြားလာတဲ့ ရော်နယ်ကိုးမန်း
နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်းက ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့လို့ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခြင်းမရှိသော်လည်း အနီးစပ်ဆုံးအခြေအနေအထိ ကြိုးစားနိုင်ခဲ့တာကြောင့် အသင်းအတွက် ဂုဏ်ယူမိတယ်လို့ ပြောကြားလာခဲ့ပါတယ်။
ကိုးမန်းက အသင်းအနေနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အင်္ဂလန်ထက်ပိုကောင်းတယ်လို့ ယုံကြည်ခဲ့တာကြောင့် သာမန်ထက်ပိုတဲ့ ကြေကွဲဝမ်းနည်းမှုကို ခံစားရကြောင်းနဲ့ ပြိုင်ဘက်ကို အဆုံးအထိ တိုက်စစ်ဆင်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှုကိုပြသနိုင်ခဲ့လို့ အနာဂတ်မှာ ပိုကောင်းတဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ပွဲအပြီးမှာ ကိုးမန်းက “ကျွန်တော်တို့ ပွဲချိန်တစ်လျှောက်အကောင်းဆုံး ကစားနိုင်ခဲ့လို့ ဒီရလဒ်ကိုစိတ်ပျက်မိပါတယ်။ ပွဲပြီးကာနီး မိနစ် ၂၀ လောက်အလိုမှာလည်း ကျွန်တော်တို့အသင်းက ပိုကောင်းခဲ့ပြီး တိုက်စစ်လည်းပိုဆင်နိုင်ခဲ့ပါတယ်။ နောက်တော့ မမျှော်လင့်ဘဲ တကယ်ကောင်းတဲ့သွင်းဂိုးကို ခွင့်ပြုလိုက်ရပါတယ်။ ကျွန်တော်တို့ ဒီလိုအဆုံးသတ်သွားတယ်ဆိုတာ လက်ခံနိုင်ဖို့ ခက်ခဲပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ကိုးမန်းက ဟယ်ရီကိန်း ကန်သွင်းယူခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို ခွင့်မပြုသင့်ကြောင်း “ကျွန်တော်ကိုယ်တိုင်က နောက်ခံလူဟောင်းတစ်ယောက်ဆိုတော့ ဒီလိုအခြေအနေမှာ ပြိုင်ဘက်ရဲ့ကန်ချက်ကို ဟန့်တားဖို့ကြိုးစားမှာပါပဲ။ ဒါကြောင့် ပင်နယ်တီပေးလိုက်ရတဲ့ဆုံးဖြတ်ချက်က မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့မထင်ပါဘူး။ ဒါကတော့ ကျွန်တော့်ရဲ့အမြင်သက်သက်ပါ။ ဒီရက်သတ္တပတ်တွေမှာ ကျွန်တော်တို့ အများကြီးအောင်မြင်ခဲ့ပြီး ကစားသမားတွေ အဆုံးအထိဘယ်လို ရုန်းကန်ခဲ့ရသလဲဆိုတာ မြင်တွေ့ခဲ့ရလို့ သူတို့အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ ခြင်္သေ့တွေလို တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အနီးစပ်ဆုံးကြိုးစားနိုင်ခဲ့ပေမယ့် အင်္ဂလန်အသင်းက ပိုကောင်းအောင်လုပ်နိုင်ခဲ့လို့ သူတို့ကိုလည်း ဂုဏ်ပြုပါတယ်”
“ကျွန်တော့်ရဲ့ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ သူတို့မှာ ထက်သန်တဲ့ ယုံကြည်မှုရှိခဲ့ကြပြီး ကြိုးစားအားထုတ်မှုတွေလည်း အများကြီးပြုလုပ်ခဲ့ကြလို့ပါ။ အခုချိန်မှာတော့ ဝမ်းနည်းမှုကို ခံစားနေကြရပါတယ်။ ဒီခံစားချက်တွေကို ကျွန်တော်တို့ ဘာမှလုပ်လို့မရပေမယ့် အနာဂတ်မှာတော့ ပိုကောင်းတဲ့အသင်းတစ်သင်းအဖြစ် ပြန်လာဖို့ကြိုးစားရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ နယ်သာလန်အနေနဲ့ လူငယ်ကစားသမားတွေနဲ့ အတွေ့အကြုံရင့်ကစားသမားတွေ ပေါင်းစပ်ပါဝင်တဲ့ အသင်း တစ်သင်းကို ပေါင်းစပ်ဖွဲ့စည်းနိုင်မယ့်အကြောင်းကို ကိုးမန်းက “အနာဂတ်မှာ ကျွန်တော်တို့ ဒီထက်ပိုပြီး လုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။ အသင်းနဲ့ပူးပေါင်းဖို့ ကျန်နေသေးတဲ့ ကစားသမားတွေလည်း အများကြီးရှိပါသေးတယ်။ အခုပြိုင်ပွဲမှာ အချို့ကစားသမားကောင်းတွေက ကြံ့ခိုင်မှုမပြည့်ဝလို့ မပါဝင်နိုင်ခဲ့ကြပါဘူး” “ဒီပြိုင်ပွဲမှာ ကျွန်တော်တို့မှန်ကန်တဲ့နည်းလမ်းနဲ့ လက်တွဲလုပ်ဆောင်နိုင်ခဲ့လို့ အနာဂတ်မှာ လျှောက်လှမ်းမယ့်လမ်းကြောင်းကို ပုံဖော်နိုင်ခဲ့ပါတယ်။ အချို့ကဏ္ဍတွေမှာ မြှင့်တင်ဖို့ လိုအပ်နေသေးပေမယ့် ဗိုလ်လုပွဲကိုရောက်ဖို့ အရမ်းနီးစပ်နေပြီလို့ ထင်ပါတယ်။ စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှုနဲ့ အသင်းလိုက်စိတ်ဓာတ်တွေကြောင့် နယ်သာလန်ကို ဗိုလ်လုပွဲမှာ ကစားတာမြင်ချင်ခဲ့ပေမယ့် မဖြစ်နိုင်တော့တာကြောင့် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။