
တော့တင်ဟမ်ကို ဂိုးပြတ်အနိုင်ယူပြီးနောက် ဘိုင်ယန်မြူးနစ်ရဲ့အရည်အသွေးကို အံ့သြမင်သက်နေတဲ့ ကွန်ပနီ
ယမန်နေ့(ကြာသပတေးနေ့)၊ အလိုင်းယန့်ဇ်အရီနာကွင်းမှာ တော့တင်ဟမ်ကို ၄-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အတွင်း ဘိုင်ယန်မြူးနစ်အသင်းထုတ်ပြခဲ့တဲ့ စွမ်းဆောင်ရည်ပိုင်းကြောင့် အံ့အားသင့်ခဲ့ရတယ်လို့ ကွန်ပနီက ဝန်ခံပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့စနေနေ့မှာ လိုင်ယွန်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံတွေက အခုပွဲစဉ်မှာလည်း ပြိုင်ဘက်ကို အသာစီးရယူကစားပြီး ဟယ်ရီကိန်း၊ ကိုးမန်း၊ လန်နတ်ကားလ်၊ ဂျိုးနက်စ်ကူဆီအဆာယီတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပြန်ပါတယ်။ အခုလိုစွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ပေမယ့် ကွန်ပနီကတော့ သူတို့အသင်းပြင်ဆင်နေမှု ကို စောစောစီးစီးမပိတ်သိမ်းပစ်လိုက်ဖို့ သတိပေးခဲ့ပါတယ်။
ဘယ်လ်ဂျီယံသားနည်းပြက “ ဒါက ကျွန်တော်တို့အတွက် ကနဦးပွဲစဉ်တွေအနက် တစ်ခုသာ ရှိပါသေးတယ်။ ကောင်လေးတွေလည်း အကောင်းဆုံးလုပ်ပြခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်ရှိနေဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ရှေ့မှာ လုပ်ရမယ့်အလုပ်တွေ အများကြီးရှိနေပါသေးတယ်။
စိတ်ပိုင်းဆိုင်ရာအရ အဆင်သင့်ဖြစ်နေဖို့သာ အရေးအကြီးဆုံးပါ။ ဒါကို ဒီနေ့မှာ ပြသနိုင်ခဲ့ပါတယ်။ ကောင်လေးတွေကိုယ်တိုင် အခုလိုစွမ်းဆောင်ရည်မျိုးထုတ်ပြခဲ့လို့ နည်းနည်းတော့ အံ့အားသင့်မိခဲ့ပါတယ်။ ကျွန်တော်က ဒီလိုစွမ်းဆောင်ရည်မျိုးပြသနိုင်မယ်လို့ လုံးဝမမျှော်လင့်ထားခဲ့ပါဘူး။ ပုံမှန်အားဖြင့် ရက်သတ္တပတ် ငါးပတ်၊ ခြောက်ပတ်လောက် အချိန်ရလေ့ရှိပေမယ့် ကျွန်တော်တို့ကတော့ လေ့ကျင့်ရေးအစီအစဉ်ငါးခုလောက်ပဲ လုပ်ခဲ့ရပါတယ်။ ဒီလိုအရှိန်အဟုန်မျိုး၊ ဒီလိုပုံစံမျိုးကစားခဲ့တဲ့ ကောင်လေးတွေအတွက် ပျော်စရာကောင်းခဲ့ပါတယ်”လို့ ဆိုပါတယ်။
ဘိုင်ယန်မြူးနစ်က စတုဂတ်နဲ့ရင်ဆိုင်ရမယ့် သြဂုတ် ၁၆ ရက်၊ ဂျာမန်စူပါဖလားပွဲစဉ်မတိုင်ခင် ရာသီကြိုနောက်ဆုံးခြေစမ်းပွဲစဉ်အဖြစ် ဂရက်စ်ဟော့ပါးနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။