ဘော်လွန်းဒီအော်အောင်မြင်မှုအပေါ် တုံ့ပြန်ဖွင့်ဟလာတဲ့ ဟယ်ရီကိန်း
တနင်္လာနေ့မှာ ကစားသမားဘဝအထွဋ်အထိပ်အခိုက်အတန့်အဖြစ် ဘော်လွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ပြီးနောက် ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အတွက် ချန်ပီယံလိဂ်အောင်မြင်မှု ရယူပေးဖို့နဲ့ အင်္ဂလန်ရဲ့ဆုဖလားမိုးခေါင်နေကို အဆုံးသတ်ပေးဖို့ ပစ်မှတ်ထားလာပါတယ်။
သူ့ရဲ့မွေးရပ်မြေလန်ဒန်မြို့မှာ အမ်ဘာပေနဲ့ ယာမယ်လ်တို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ဟယ်ရီကိန်းက ၂၅ နှစ်တာကာလအတွင်း ဒီဆုကိုရရှိတဲ့ ပထမဆုံးအင်္ဂလန်ကစားသမား ဖြစ်လာခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၆၅ ပွဲကစား၊ ၇၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ပြည်တွင်းအမှတ်ပေးချန်ပီယံဆုနဲ့ ရှုံးထွက်ဖလားပြိုင်ပွဲတွေမှာ ဗိုလ်စွဲအောင် ကူညီပေးခဲ့ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်က "အိပ်မက်တစ်ခု အမှန်တကယ် ဖြစ်လာခဲ့တာပါလို့ ကျွန်တော် ပြောနိုင်ပေမဲ့ ဒါက ကျွန်တော်မက်ဖူးတဲ့ အိပ်မက်တွေထက်တောင် ကျော်လွန်နေလို တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းပါတယ်"
"ဒါက အင်္ဂလန်အတွက်၊ ကျွန်တော်တို့ နိုင်ငံအတွက် အလွန်ကြီးမားတဲ့ အရာတစ်ခုလို့ ထင်ပါတယ်။ လန်ဒန်မှာ ရှိနေရတယ်ဆိုတာ ကျွန်တော့်အတွက် နိမိတ်ကောင်းတစ်ခု ဖြစ်ခဲ့သလို စောင့်ဆိုင်းခဲ့ရတာလည်း အရမ်းကြာမြင့်ခဲ့ပါပြီ။ ကျွန်တော်တို့ကို ကမ္ဘာ့မြေပုံပေါ် ပြန်တင်ပေးနိုင်ခဲ့ပြီး ဒီဆုဖလားနဲ့အတူ ဒီနေရာကို ရောက်ရှိလာနိုင်လို့ ကျွန်တော် အလွန်ပဲ ဂုဏ်ယူမိပါတယ်" လို့ ပြောပါတယ်။
ဟယ်ရီကိန်းက အင်္ဂလန်နဲ့ တော့တင်ဟမ်ရဲ့ သွင်းဂိုးအများဆုံးစံချိန်ရှင်ဖြစ်ပေမဲ့ ၂၀၂၃ ခုနှစ်၊ ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိလာပြီးနောက်ပိုင်း သူ့ရဲ့အသင်းလိုက်အောင်မြင်မှုတွေက ဂျာမနီပြည်တွင်းလောကမှာသာ ကန့်သတ်ခံထားရပါတယ်။
ပြီးခဲ့တဲ့ရာသီ၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာလည်း ဘိုင်ယန်မြူးနစ်က ချန်ပီယံဖြစ်လာမယ့် ပီအက်စ်ဂျီကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာလာရပါတယ်။
ဒါ့အပြင် ဟယ်ရီကိန်းက အင်္ဂလန်နဲ့အတူ ၂၀၂၁၊ ၂၀၂၄ ယူရိုပြိုင်ပွဲဗိုလ်လုပွဲအဆင့်မှာ နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့သလို ၂၀၂၆ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာလည်း အာဂျင်တီးနားကို ရှုံးနိမ့်ကာ ကြေကွဲခဲ့ရပါတယ်။
ဒါပေမဲ့ သူက အသက် ၃၃ နှစ်အရွယ်မှာတောင် ဘောလုံးလောကရဲ့ အကြီးမားဆုံးဆုဖလားအချို့ကို ဆက်လက်ဆွတ်ခူးနိုင်သေးတယ်လို့ ယုံကြည်နေပါတယ်။
ဟယ်ရီကိန်းက "ဒီအားကစားမှာ အောင်မြင်အောင် လုပ်ဆောင်ရဦးမယ့် အရာတွေ ကျွန်တော့်ဆီမှာ အများကြီးကျန်ပါသေးတယ်။ ကလပ်အဆင့်မှာ ချန်ပီယံလိဂ်ဖလားနဲ့ အင်္ဂလန်နဲ့အတူ အဓိကဆုဖလားတစ်လုံး ရယူနိုင်ဖို့ဆိုတာက နံပါတ်တစ်ဦးစားပေးဖြစ်တယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်ရယူချင်တဲ့ ကြီးကျယ်တဲ့အရာတွေ အများကြီးရှိနေပါသေးတယ်" လို့ ဆက်ပြောခဲ့ပါတယ်။
ဆယ်ကျော်သက်အရွယ်မှာတင် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ကြတဲ့ စပိန်ရဲ့ယာမယ်လ်နဲ့ ပြင်သစ်အသင်းခေါင်းဆောင်အမ်ဘာပေတို့လိုမဟုတ်ဘဲ ဟယ်ရီကိန်းရဲ့ကစားသမားဘ၀အစောပိုင်းကာလတွေက မချောမွေ့ခဲ့ပါဘူး။
တော့တင်ဟမ်စီနီယာအသင်းကြီးဆီ မရောက်ခင် အောက်တန်းလိဂ်တွေမှာ လေးကြိမ်တိုင် အငှားဖြင့် ကျင်လည်ခဲ့ရပေမဲ့ အဲ့ဒီအချိန်ကာလတွေရဲ့အမှတ်တရတွေကြောင့်ပဲ ထိပ်တန်းအဆင့်မှာ တက်နိုင်သမျှ ကာလရှည်အောင်မြင်မှု ရရှိစေဖို့ တွန်းအားဖြစ်လာခဲ့ပါတယ်။
ဟယ်ရီကိန်းက "အထူးသဖြင့် ကစားသမားဘဝအစောပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ် ဘဝအတွက် သင်ယူလေ့လာနေရချိန် အတက်အကျတွေ အများကြီးကို ကျွန်တော် ဖြတ်သန်းခဲ့ရပါတယ်" လို့ ပြောပါတယ်။
"ကိုယ့်ထက် အရည်အချင်း ပိုရှိကောင်းရှိနိုင်တဲ့ တခြားကစားသမားတွေထက် ပိုမိုတိုးတက်လာစေမယ့် နည်းလမ်းတွေ၊ အသာစီးရစေမယ့် နည်းလမ်းတွေကို ကျွန်တော် ရှာဖွေခဲ့ပါတယ်"
"အဲဒီအချိန်မှစပြီး ဒါက ကျွန်တော့်ကို ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ် ပုံသွင်းပေးဖို့ အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဘာတစ်ခုကိုမှ အလွယ်တကူ ရရှိလာတယ်လို့ သဘောမထားလို့ပါပဲ။ အင်္ဂလန်အသင်းမှာပဲဖြစ်ဖြစ်၊ ဘိုင်ယန်မြူးနစ်အသင်းမှာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့နေရာကို လုယူဖို့ ကြိုးစားနေတဲ့ ကျွန်တော့်လို ကစားသမားမျိုး၊ ပိုငယ်ရွယ်တဲ့ကစားသမားမျိုး အမြဲတမ်းရှိနေတယ်ဆိုတာကို ကျွန်တော် သိထားပါတယ်" လို့ ဆိုပါတယ်။