
ချဲလ်ဆီးအသင်းမှာဖြစ်ခဲ့တဲ့ အိပ်မက်ဆိုးတွေအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ လူကာကူ
ချဲလ်ဆီးအသင်းတိုက်စစ်မှူးဟောင်း လူကာကူက သူ့အနေနဲ့ အသင်းဟောင်းမှာ ဒုတိယအကြိမ်ဖြစ်ခဲ့တဲ့ အိပ်မက်ဆိုးတွေအကြောင်း ဖွင့်ဟပြောကြားလိုက်သလို အသင်းဘက်က သူမဟုတ်တဲ့သရုပ်ဆောင်မှုတွေလုပ်ဆောင်ဖို့ ကြိုးစားခဲ့တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်သားဟာ နာပိုလီအသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ၉ ဂိုးအထိသွင်းယူကာ ကွန်တီရဲ့အသင်းကို စီးရီးအေချန်ပီယံဆုတိုက်ပွဲအတွက် ကူညီပေးနေပါတယ်။
ဘယ်လ်ဂျီယံသားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ချဲလ်ဆီးအသင်းထံကနေ ပေါင်သန်း ၃၀ နဲ့ နာပိုလီအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုတိယအကြိမ်ပြန်လာမှုက ကနဦးအစမှာ အပေါင်းလက္ခဏာဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းကျဆင်းလာခဲ့တာဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ ဘယ်လ်ဂျီယံအတွက် ၁၂၀ ပွဲမှာ ၈၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ၂၀၂၃ တုန်းက အတွေ့အကြုံနဲ့ပတ်သက်ပြီး လူကာကူက အသင်းဘက်က သူ့ရဲ့ပုံရိပ်ကို ထိခိုက်အောင်လုပ်ဆောင်ဖို့ ကြိုးစားခဲ့တယ်လို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။
“ချဲလ်ဆီးမှာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။ အူဘာမီယန်း ၊ ဇီယက်ချ်တို့လည်း အတူတူပါပဲ။ သူတို့က ကျွန်တော်တို့ လူငယ်အဝတ်လဲခန်းထဲပြောင်းပေးခဲ့ပါတယ်။အဲ့တာက စီးပွားရေးဖြစ်ပြီး အသင်းဘက်က ခင်ဗျားကို အလိုမရှိတော့ဘူးဆိုတာကို ပြသတာပါ။ ဒါပေမယ့် ခင်ဗျားအသင်းကနေထွက်ခွာချင်တယ်ဆိုရင် ခင်ဗျားမှာ ရွေးချယ်စရာမရှိပါဘူး။ သူတို့က နောက်ဆုံးအချိန်အထိ ဆွဲချခဲ့တာပါ။ အသင်းတွေက မီဒီယာတွေနဲ့ ဆက်ဆံရေးတွေရှိကြပါတယ်။
အဲ့တာက ကစားသမားကို ခက်ခဲတဲ့အခြေအနေ ဒါမှမဟုတ် မှားယွင်းတဲ့ပုံရိပ်ဖြစ်အောင် ဖန်တီးပေးပါတယ်။ ကျွန်တော့်ကို ယုံကြည်ပါ။ ကျွန်တော် တွေးသလိုမျိုး မြင်ဖူးတဲ့အရာတွေမဟုတ်ပါဘူး။ တစ်နေ့မှာ ကျွန်တော် ဒါတွေကို လူငယ်ကစားသမားတွေကို ရှင်းပြချင်ပါတယ်”လို့ လူကာကူက ပြောကြားခဲ့ပါတယ်။
လူကာကူဟာ ချဲလ်ဆီးအတွက် ၄၄ ပွဲပါဝင်ကစားခဲ့ပြီး အခုချိန်မှာတော့ ကွန်တီလက်အောက်မှာ ပြန်လည်တောက်ပလာခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် ဂိုးတွေနဲ့ပြန်လာနိုင်ခဲ့ပါပြီ။ ကွန်တီက အရမ်းရှင်းလင်းပါတယ်။ ခင်ဗျားအနေနဲ့ သူလိုချင်တဲ့ရှုထောင့်မျိုးမကစားနိုင်ရင် သူနဲ့ကစားခွင့်ရမှာမဟုတ်ပါဘူး။ အဲ့အတွက် ကျွန်တော် သူ့ကိုကျေးဇူးတင်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။
လူကာကူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရိုးမားအသင်းအတွက် ၂၁ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ပထမအကြိမ်ချဲလ်ဆီးကနေထွက်ခွာတုန်းက လူကာကူတစ်ယောက် အသက် ၁၈ နှစ်သာရှိနေတာဖြစ်ပါတယ်။ ချဲလ်ဆီးမှာတုန်းက လူကာကူအနေနဲ့ နေရာရဖို့ရုန်းကန်ခဲ့ရပြီး အငှားတွေနဲ့သာ အချိန်ကုန်ဆုံးခဲ့ရပါတယ်။ အဲ့နောက် အဲဗာတန်ကိုပြောင်းရွှေ့ပြီးနောက် တောက်ပလာခဲ့ပြီး ယူနိုက်တက်ကို ပေါင်သန်း ၉၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်မှာ ၂ နှစ်သာကြာမြင့်ခဲ့ပြီး ဝေဖန်မှုတွေ ၊ စွပ်စွဲခံရမှုတွေကြောင့် ထွက်ခွာခဲ့ရပါတယ်။
“အင်္ဂလန်မှာ သူတို့က မှားယွင်းတဲ့စိတ်ကူးရှိခဲ့ကြပါတယ်။ သူတို့အတွက် ကျွန်တော်က ပျင်းရိနေတယ်လို့ ထင်နေကြပါတယ်။ ဒါပေမယ့် ကျွန်တော် တိုက်ခိုက်မှုတွေကို ဘယ်တုန်းကမှပြန်လည်မတုံ့ပြန်ပါဘူး။ ကျွန်တော်က ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အိမ်ပြန်တတ်တဲ့လူစားမျိုးပါ”လို့ လူကာကူက ပြောကြားခဲ့ပါတယ်။