The network connection is lost.

Banner Image

ချဲလ်ဆီးတောင်ပံကစားသမားကို အပြီးသတ်ခေါ်ယူလိုက်တဲ့ ဂါလာတာစာရေး

ဂါလာတာစာရေးအသင်းဟာ ချဲလ်ဆီးတောင်ပံကစားသမား ဇီယက်ချ်ကို အလွတ်နဲ့အပြီးသတ်ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ မော်ရိုကိုသားကို ၂၀၂၀ တုန်းက အေဂျက်ဇ်အသင်းထံကနေ ပေါင် ၃၄ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် အသင်းမှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အဲ့နောက် ၂၀၂၃ သြဂုတ်လတုန်းက ဇီယက်ချ်တစ်ယောက် ဂါလာတာစာရေးအသင်းထံ အငှားထွက်ခဲ့ရပြီး အခုတော့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

တူရကီကလပ်ဘက်ကလည်း ရလာတဲ့အခွင့်အရေးကို အသေအချာလေးအသုံးချပြီး ပထမဆုံးခေါ်ယူမှုပြုလုပ်ခဲ့ပါတယ်။ အေဂျက်စတားဟောင်းဟာ ဂါလာတာစာရေးအသင်းနဲ့ ၁ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး နောက်ထပ် ၁၂ လထပ်တိုးခွင့်လည်း ပါဝင်တယ်လို့သိရပါတယ်။

“ဇီယက်ချ်ကို ကျွန်တော်တို့ အလွတ်နဲ့ခေါ်ယူနိုင်ခဲ့ပါပြီ။ ကစားသမားအတွက် လာမယ့် ၂၀၂၄ - ၂၅ မှာ ယူရို ၂၈၅၀၀၀၀ အထိ ပေးချေရမှာဖြစ်ပါတယ်”လို့ ဂါလာတာစာရေးဘက်က ထုတ်ပြန်ခဲ့ပါတယ်။ ဇီယက်ချ်ဟာ ၂၀၂၃ - ၂၄ ရာသီမှာ ဒဏ်ရာပြဿနာတွေရှိခဲ့ပေမယ့် ဂါလာတာစာရေးအတွက် ပြိုင်ပွဲစုံ ၈ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအတွက်တော့ ဇီယက်ချ်ဟာ ၁၀၇ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ ပေါ်တာလက်အောက်မှာ နေရာပျောက်ခဲ့တာဖြစ်ပါတယ်။ ဇီယက်ချ်ဟာ ၂၀၂၃ ဇန်နဝါရီတုန်းက ပီအက်စ်ဂျီကိုပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ချဲလ်ဆီးဘက်က စာရွက်စာတမ်းနောက်ကျခဲ့တာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ပါတယ်။