The network connection is lost.

Banner Image

မိုဒရစ်ကို စာချုပ်သစ် ချုပ်ဆိုပြီး အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့ဝါရင့်ကွင်းလယ်လူ လူကာမိုဒရစ်ကို စာချုပ်သက်တမ်း ၁ နှစ်တိုးခဲ့ပြီးနောက် အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာလာခဲ့ပါတယ်။

အသက်-၃၈ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ဇွန်လက အသင်းနဲ့စာချုပ်သက်တမ်း  ကုန်ဆုံးခဲ့တာကြောင့် အသင်းဖော် တိုနီခရူးစ်ရဲ့ခြေရာကိုလိုက်ပြီး ကစားသမားဘဝက အနားယူမယ်လို့ ယူဆခဲ့ကြပေမယ့် ယခုအခါမှာတော့ နောက်ရာသီကုန်အထိ ရီးရဲလ်မက်ဒရစ်မှာ ဆက်လက်နေထိုင်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် နည်းပြ အန်ဆယ်လော့တီက အသင်းရဲ့ကွင်းလယ်မှာ ကာမာဗင်ဂါနဲ့ ချူအာမန်နီတို့လို လူငယ်ကြယ်ပွင့်ကစားသမားတွေကို အဓိကထားအသုံးပြုခဲ့တာကြောင့် မိုဒရစ်ရဲ့အခန်းကဏ္ဍက အလွန်အမင်းအရေးပါခဲ့ခြင်းတော့မရှိပါဘူး။  သို့သော်လည်း မိုဒရစ်ရဲ့ အဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေက အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားတွေကိုသာမက ရိုဒရီဂိုနဲ့ ဗင်နီစီးယက်စ်တို့လို တောင်ပံကစားသမားတွေကိုပါ လွှမ်းမိုးမှုရှိခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အနေနဲ့ အခုလိုအောင်မြင်မှုတွေ ဆက်လက်ရရှိနေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားသစ် ကီလီယန်အမ်ဘာပေက ကျောနံပါတ် ၉ အင်္ကျီကို ဝတ်ဆင်သွားမှာဖြစ်လို့ မိုဒရစ်အနေနဲ့ လက်ရှိကျောနံပါတ် ၁၀ ကိုပဲ ဆက်လက်ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။ ပြင်သစ်အသင်းခေါင်းဆောင်ကလည်း “ကျွန်တော် နံပါတ် ၁၀ ကို လိုချင်တယ်လို့ တစ်ခါမှမပြောဖူးပါဘူး။ ဒါက မိုဒရစ်ရဲ့နံပါတ်ပါ။ မိုဒရစ်နဲ့ အတူတွဲကစားရမှာလည်း ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ သူက ချန်ပီယံတစ်ဦးဖြစ်ပြီး ဘော်လွန်းဒီအော်ဆုရှင်လည်းဖြစ်တာကြောင့် သူ့ကိုကျွန်တော်အရမ်းလေးစားပါတယ်”လို့ပြောကြားထားပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲကနေ ခရိုအေးရှားအသင်းနဲ့အတူ စောစောစီးစီးနုတ်ထွက်ခဲ့ရတဲ့ မိုဒရစ်အနေနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ရာသီကြို အမေရိကန်ခရီးစဉ်မှာ ပြည့်ပြည့်ဝဝပါဝင်ဖို့ အဆင့်သင့်ရှိနေပြီဖြစ်ပါတယ်။ ခြေစမ်းခရီးစဉ်အတွင်း ရီးရဲလ်မက်ဒရစ်ဟာ ချီကာဂိုမှာ အေစီမီလန်နဲ့ ကစားသွားမှာဖြစ်ပြီး နယူးဂျာစီမှာတော့ မဟာပြိုင်ဘက် ဘာစီလိုနာနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ဆုံးခြေစမ်းပွဲစဉ်ကတော့ ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်ကို မြောက်ကာရိုလိုင်းနားပြည်နယ် ရှာလော့ထ်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။