
အာဆင်နယ်သို့ပြောင်းရွှေ့ခဲ့ခြင်းက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အခိုင်အမာပြောကြားလာတဲ့ ရာယာ
အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာက သူ့အနေနဲ့ အာဆင်နယ်သို့ပြောင်းရွှေ့ခဲ့ခြင်းမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပြီး ဒီရာသီမှာ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်ထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့နံနက်မှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် စပိန်လာလီဂါကလပ် ဗီလာရီးရဲလ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရာယာအနေနဲ့ အဆိုပါပွဲကို သေချာပေါက်အနိုင်ရမယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။ ဂိုးသမားက "ကျွန်တော်တို့မှာ ယုံကြည်ချက်ရှိပါတယ်။ ကျွန်တော်တို့က အာဆင်နယ်အသင်းပါ။ အနိုင်ရရှိဖို့အတွက် ဘောလုံးကစားနေတဲ့အသင်းလည်းဖြစ်ပါတယ်။ အသင်းအနေနဲ့ အနိုင်မရမှာကို သံသယတောင်မရှိပါဘူး။ ဒီနှစ်မှာ အသင်းက အရမ်းကောင်းတဲ့ကစားသမားတွေနဲ့ စုဖွဲ့ထားနိုင်ပြီး တစ်နှစ်ပြီးတစ်နှစ် ပိုပိုပြီးရင့်ကျက်လာပါပြီ။ ဒါကြောင့် ကြီးမားတဲ့ပြောင်းလဲမှုတွေကို ဒီနှစ်မှာ ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ရာယာဟာ အာဆင်နယ်သို့ရောက်ရှိခဲ့တဲ့ ၂ နှစ်ရှိပြီဖြစ်ပြီး စပိန်လက်ရွေးစင်က "ကျွန်တော်ဒီကိုပြောင်းရွှေ့ခဲ့တာ ကစားသမားဘဝ နောက်ထပ်ခြေလှမ်းကို တက်လှမ်းဖို့ပါ။ အာဆင်နယ်ကိုပြောင်းခဲ့တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ထင်ပါတယ်။ ဒီအသင်းကိုစရောက်တော့ အာရွန်ရမ့်စ်ဒေးနဲ့ နေရာအတွက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ ကျွန်တော်အကောင်းဆုံးကြိုးစားခဲ့ပြီး ရလဒ်အနေနဲ့ နည်းပြရဲ့ရွေးချယ်မှုကို ခံခဲ့ရပါတယ်"
"လွန်ခဲ့တဲ့ ၂ နှစ်ကမှ အသင်းအတွက်စတင်ပွဲထွက်ခွင့်ရခဲ့ပေမယ့် ကျွန်တော် Clean Sheet ၄၂ ကြိမ်အထိ ရရှိခဲ့ပြီးပါပြီ။ ဒါက အသင်းဖော်တွေနဲ့ နည်းပြဝန်ထမ်းတွေရဲ့ကူညီမှုကြောင့်လည်း ပါပါတယ်။ ကျွန်တော်ဒီကို စရောက်ရောက်ချင်းက ဝေဖန်မှုတွေနဲ့ကြုံတွေခဲ့ရပြီး အာရွန်ရမ့်စ်ဒေးနဲ့ နှိုင်းယှဉ်ခံခဲ့ရပါတယ်။ အာရွန်က အရမ်းကောင်းတဲ့ဂိုးသမားပါ။ ဒါပေမယ့် နောက်ပိုင်းမှာ သူအသင်းပြောင်းခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဝေဖန်မှုတွေကို လျစ်လျူရှုပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။