The network connection is lost.

Banner Image

စပို့တင်းကိုအနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် ချန်ပီယံလိဂ်တံဆိပ်ကိုနမ်းရှုံ့ပြီး အောင်ပွဲခံပြခဲ့တဲ့ ဟွိုက်လန်း

မန်ချက်စတာယူနိုက်တက်မှ နာပိုလီသို့ တစ်ရာသီအငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းဟာ ကြာသပတေးနေ့နံနက်က စပို့တင်းကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူပြီးနောက် အင်္ကျီရှိ ချန်ပီယံလိဂ်အမှတ်တံဆိပ်ကို နမ်းရှုံ့ပြီးအောင်ပွဲခံပြခဲ့ပါတယ်။ 

ဟွိုက်လန်းအနေနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့အခုလိုအောင်ပွဲခံခဲ့သလဲ ရှင်းရှင်းလင်းလင်းမသိရပေမယ့် ဘောလုံးဝေဖန်သုံးသပ်သူတွေကတော့ ကစားသမားဟာ ယခုရာသီဥရောပဝင်ခွင့်မရခဲ့တဲ့ မိခင်ကလပ် ယူနိုက်တက်ကို စောင်းမြောင်းပြီးအောင်ပွဲခံခဲ့တာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ ယခုပွဲစဉ်မှာ ဟွိုက်လန်းဟာ နာပိုလီအတွက်သွင်းဂိုး ၂ ဂိုးစလုံးကိုသွင်းယူပြီး အထူးခြေစွမ်းပြသခဲ့သလို၊ ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းကလည်း အဆိုပါသွင်းဂိုး ၂ ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ ဟွိုက်လန်းက "ကျွန်တော် နာပိုလီရဲ့တံဆိပ်နဲ့ ချန်ပီယံလိဂ်တံဆိပ်ကိုနမ်းပြီးအောင်ပွဲခံခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဥရောပပြိုင်ပွဲတွေမှာ ဂိုးတွေသွင်းရတာနှစ်သက်လို့ပါ။ ဒီလိုညမျိုးက ကျွန်တော့်အိပ်မက်ထဲကညပါပဲ။ ကျွန်တော့်ရဲ့စွမ်းဆောင်ရည်အကြောင်းကိုတော့ မပြောတော့ပါဘူး။ ဒါပေမယ့် အသင်းကတော့ ဒီနေ့မှာ အရမ်းကောင်းခဲ့ပြီး ဒီဘရိုင်းလို ထူးခြားတဲ့ပါရမီရှင်နဲ့တွဲဖက်ကစားရတာ အံ့မခန်းပါပဲ။ ကျွန်တော့်တာဝန်က နေရာလွတ်ကိုသွားဖို့ပဲဖြစ်ပြီး သူကတော့ ဘောလုံးကိုကျွန်တော့်ဆီမရောက်ရောက်အောင် ပေးပို့နိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဟွိုက်လန်းဟာ နည်းပြရူဘင်အာမိုရင်လက်အောက် ယူနိုက်တက်မှာ ခြေစွမ်းမပြခဲ့သမျှ နာပိုလီနည်းပြအန်တိုနီယိုကွန်တီရဲ့လက်အောက်မှာတော့ ထိပ်တန်းခြေစွမ်းကို တဖန်ပြန်လည်ရရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာယူနိုက်တက်က တိုက်စစ်ပိုင်းမှာ သွင်းဂိုးရဖို့ရုနန်းကန်နေရသလောက် ဟွိုက်လန်းကတော့ ဒီဘရိုင်းနဲ့အတူ အချိတ်အဆက်မိမိကစားပြီး နာပိုလီအတွက်ဂိုးတွေဆက်တိုက်ရယူထားနိုင်တာဖြစ်ပါတယ်။

ဟွိုက်လန်းရဲ့ အငှားအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ယူနိုက်တက်နဲ့နာပိုလီတို့အကြား သဘောတူညီချက်မှာ လာမယ့်ရာသီအတွင်း နာပိုလီအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပါက ဒိန်းမတ်လက်ရွေးစင်ကို ပေါင် ၃၈ သန်းနဲ့အပြီးသတ်ခေါ်ယူသွားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ လာမယ့်စီးရီးအေပွဲစဉ်မှာတော့ နာပိုလီဟာ ဂျီနိုအာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဟွိုက်လန်းတစ်ယောက် အသင်းအတွက်သွင်းဂိုးတွေ ဆက်လက်ရယူပေးနိုင်မလား စောင့်ကြည့်ရပါမယ်။