The network connection is lost.

Banner Image

အမ်ဘာပေမရှိတော့ပေမယ့် ပီအက်စ်ဂျီက ပိုမိုစည်းလုံးလာတယ်လို့ ပြောကြားလိုက်တဲ့ ဒွန်နာရမ်မာ

ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာက စူပါစတား ခီလီယန်အမ်ဘာပေမရှိတော့ပေမယ့် အသင်းဟာ ပိုမိုစည်းလုံးလာကြောင်းနဲ့ တိုးတက်မှုတွေရှိလာကြောင်း ပြောကြားလာခဲ့ပါတယ်။ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီဟာ အာဆင်နယ်ကို ၂-၁ နဲ့အနိုင်ယူကာ ၂ ကျော့ပေါင်းရလဒ် ၃-၁ နဲ့ဗိုလ်လုပွဲသို့ တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။ 

ယခု ဒုတိယအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် ဂိုးတွေကို ဖေဘီယန်ရုဇ်နဲ့ ဟာကီမီတို့က သွင်းယူပေးခဲ့ကြပြီး အာဆင်နယ်အတွက် ချေပဂိုး ၁ ဂိုးကိုတော့ ဘူကာယိုဆာကာက သွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းရဲ့အဓိက ကစားသမား အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်ထံ ဆုံးရှုံးခဲ့ရပေမယ့် ဒီရာသီမှာ ပီအက်စ်ဂျီဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်လာဖို့ အလွန်နီးစပ်နေပြီဖြစ်ပါတယ်။ 

 အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ် နှစ်ကျော့မှာ ဂိုးပေါက်ကာကွယ်မှု ၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ ဒွန်နာရမ်မာက သူ့အနေနဲ့ အမ်ဘာပေကို လွမ်းဆွတ်ပေမယ့် အသင်းက ပိုမိုတိုးတက်ကောင်းမွန်လာခဲ့တယ်လို့ ပြောကြားလာခဲ့ပါတယ်။ အီတလီလက်ရွေးစင်က "ကျွန်တော်တို့အသင်းရဲ့ စိတ်ဓာတ်ခွန်အားတွေက တိုးတက်ပြောင်းလဲလာပါတယ်။ အခုချိန်မှာ အသင်းတစ်သင်းအနေနဲ့ ပိုကောင်းလာခဲ့ပါပြီ။ ကျွန်တော်တို့အချင်းချင်း အသင်းဖော်တွေအတွက် ပေးဆပ်ကစားနေကြပါတယ်"

"ကျွန်တော်တို့ အမ်ဘာပေကို သတိရပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းထဲမှာပါဝင်ပြီး ကျွန်တော်တို့နဲ့ အရမ်းရင်းနှီးခဲ့ကြလို့ပါ။အသင်းက အခုချိန်မှာ အရမ်းစည်းလုံးနေပါတယ်။ ဘာမဆို အတူတူကျော်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ အီတလီအသင်းနဲ့အတူ ယူရိုဆုဖလားကို ရရှိခဲ့တုန်းကလည်း ဒီလိုပဲ ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့စည်းလုံးနေရင် အခြားဘယ်အသင်းကမှ ကျွန်တော်တို့ကို အနိုင်ရမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။