The network connection is lost.

Banner Image

ကင်မစ်ချ်ကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ ဘိုင်ယန်မြူးနစ်ဝါရင့်ကွင်းလယ်လူ ဂျိုရှူးဝါးကင်မစ်ချ်ကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတာကြောင့် ဂျာမနီသားရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေပြီး အသင်းကနေ ထွက်ခွာဖို့ အလားအလာများနေတယ်လိုသိရပါတယ်။ ကနဦးက ပီအက်စ်ဂျီဟာ ဘင်ဖီကာနဲ့ ပေါ်တူဂီကွင်းလယ်ကြယ်ပွင့် ဂျိုအိုနီဗက်စ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် ယခုအခါမှာတော့ ကင်းမစ်ချ်ကိုပါ ပစ်မှတ်စာရင်းထဲထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်ကစားသမားကို ပီအက်စ်ဂျီသာမက ဘာစီလိုနာကလည်း အပြိုင်အဆိုင်ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီက ကင်မစ်ချ်ကိုခေါ်ယူနိုင်ဖို့ အလားအလာပိုများနေပြီး ဘိုင်ယန်မြူးနစ်နဲ့ပြုလုပ်နေတဲ့ ဆွေးနွေးမှုတွေက တိုးတက်နေတဲ့အပြင် ကစားသမားရဲ့ပြောင်းရွှေ့ကြေးနဲ့ မျှော်မှန်းလစာကိုပါ စုံစမ်းနေပြီဖြစ်ပါတယ်။

ကင်မစ်ချ်ကလည်း ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း  ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် အသင်းအနေနဲ့ ကစားသမားကို ရောင်းချနိုင်ဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ ၂၀၁၅ ခုနှစ်မှာ လိုက်ပ်ဇစ်မှ ဘိုင်ယန်မြူးနစ်သို့ စတင်ရောက်ရှိလာခဲ့တဲ့ အသက်-၂၉ နှစ်အရွယ် ကစားသမားဟာ အသင်းအတွက် စုစုပေါင်း ပွဲ ၃၉၀ အထိပါဝင်ကစားပေးထားပါတယ်။

ဂျာမန်သားဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက နိုင်ငံရပ်ခြားမှာ သွားရောက်ကစားလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးတာကြောင့် ယခုအခါမှာတော့ ပြင်သစ်မြေသို့ ခြေချဖို့ အလားအလာများနေပြီဖြစ်ပါတယ်။ တကယ်လို့ ပီအက်စ်ဂျီအနေနဲ့ ကွင်းလယ်ကစားသမား ၂ ဦးကို ခေါ်ယူလိုပါက အသင်းရဲ့ကစားသမားအချို့ကို ရောင်းချသွားရမှာဖြစ်ပါတယ်။

အသင်းရဲ့ ကွင်းလယ်လူ မန်နူရယ်ယူဂါတီကို မန်ချက်စတာယူနိုက်တက်က ချိတ်ဆက်မှုတွေပြုလုပ်နေပေမယ့် အခုချိန်အထိတော့ သဘောတူညီမှုတစ်စုံတစ်ရာ မရသေးဘူးလို့သိရပါတယ်။