
ဂျော်အိုပက်ဒရိုကို တွန်းထိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ် ငြင်းဆန်
ဂျော်အိုပက်ဒရိုကို မြေပြင်ပေါ် တွန်းလှဲခဲ့တယ်ဆိုတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာပြီးနောက် လူးဝစ်အင်းနရစ်က ချဲလ်ဆီးကိုအရေးနိမ့်ခဲ့တဲ့ ပီအက်စ်ဂျီရဲ့ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်အပြီး ရန်ပွဲတစ်ခုမှာ ကစားသမားတွေကို လူစုကွဲသွားစေဖို့ ကြိုးစားနေခဲ့ခြင်းသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးက ၃-၀ ဂိုးဖြင့် ဦးဆောင်ထားချိန် ပွဲချိန် ၈၆ မိနစ်မှာ ချဲလ်ဆီးနောက်တန်းကစားသမားကူကူရယ်လာကို ဆံပင်ဆွဲလိုက်တဲ့ ပီအက်စ်ဂျီကွင်းလယ်လူဂျော်အိုနီဗက် တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံခဲ့ရသလို ပွဲစဉ်အပြီးမှာ ပီအက်စ်ဂျီရဲ့နောက်ထပ်ကစားသမားနှစ်ဦးလည်း ရန်ပွဲတစ်ခုအတွင်း ပါဝင်လာခဲ့ပါတယ်။
ဒီရန်ပွဲမှာ ဂျော်အိုပက်ဒရို၊ ဒွန်နာရမ်မာနဲ့ ဟာကီမီတို့ ပင်တိုင်ပါဝင်ခဲ့ပြီး ချဲလ်ဆီးတိုက်စစ်မှူးမျက်နှာကို တွန်းထိုးလိုက်တဲ့ လူးဝစ်အင်းနရစ်ကိုလည်း မြင်တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ဘာစီလိုနာနည်းပြဟောင်းက မြင်ကွင်းပုံရိပ်တွေဟာ အကောင်းဆုံးပုံစံမဟုတ်ပေမယ့် အခြေအနေတွေ တည်ငြိမ်သွားစေဖို့ ကြိုးပမ်းခဲ့ခြင်းသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် လူးဝစ်အင်းနရစ်က “ ဖိအားတွေ အလွန်မြင့်မားနေတဲ့အခြေအနေတစ်ခုမှာ ပွဲစဉ်အပြီး ကျွန်တော့်ရဲ့ခံစားချက်ကို ဖော်ပြသွားဖို့အတွက် ဘာပြဿနာမှ မရှိပါဘူး။ ဒါက ကျွန်တော်တို့အားလုံးအတွက် စိတ်ဖိစီးဖို့ကောင်းလွန်းပါတယ်။ ရှောင်လွှဲဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ လူတိုင်း ပါဝင်ပတ်သက်ခဲ့ကြပါတယ်။ ဒါက အကောင်းဆုံးမဖြစ်ခဲ့သလို ပွဲစဉ်ဖိအားနဲ့ပတ်သက်တဲ့ နောက်ဆုံးရလဒ်လည်း မဟုတ်ပါဘူး။
အန်ဇိုမာရက်စ်ကာကိုလည်း ကျွန်တော်တွေ့လိုက်ပါတယ်။ သူလည်း အခြားသူတွေကို တွန်းထုတ်နေခဲ့ပါတယ်။ ကျွန်တော်တို့က ကစားသမားအားလုံးကို သီခြားစီဖြစ်သွားအောင် ခွဲထုတ်ခဲ့ရပြီး ဒီဖိအားတွေ ဘယ်ကရောက်ရှိလာသလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးကို ကျွန်တော်တို့အားလုံး ရှောင်ရှားသွားရပါမယ်။ ပြောဖို့လည်း မရှိတော့ပါဘူး။ ကျွန်တော့်ရည်ရွယ်ချက်ကိုက ကစားသမားတွေကို ခွဲထုတ်ပစ်လိုက်ချင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခြေအနေတွေ ပိုမဆိုးရွားသွားပါဘူး”လို့ ပြောပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူးဂျော်အိုပက်ဒရိုကတော့ အသင်းအချို့ဟာ ရှုံးပွဲနဲ့ရင်ဆိုင်ရပြီးနောက် ယာယီအားဖြင့် စိတ်လွတ်သွားလေ့ရှိကြောင်း တွေးမိတယ်လို့ ရှင်းပြပေမယ့် ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဆက်ပြောဖို့ မလိုအပ်တော့ဘူးလို့ ယူဆနေပုံရပါတယ်။
သူက “ သာမန်အခြေအနေတစ်ခုဖြစ်တာကြောင့် ဒီဖြစ်ရပ်အကြောင်း ကျွန်တော်ပြန်ပြောနေဖို့ မလိုအပ်ပါဘူး။ လူတိုင်းက ပြိုင်ပွဲကို အနိုင်ရရှိချင်ကြပါတယ်။ အဆုံးမှာတော့ သူတို့တွေ စိတ်လွတ်သွားပုံရတယ်လို့ ထင်ပါတယ်။ဒါပေမဲ့ ဘောလုံးလောကဖြစ်လို့ ဒီလိုဖြစ်ရပ်တွေ ရှိလာခဲ့ပြီး အခုအချိန်မှာတော့ ပြိုင်ပွဲကို အနိုင်ရရှိလိုက်လို့ ကျွန်တော်တို့တွေ ပျော်ရွှင်နေဖို့ပဲ လိုအပ်ပါတယ်။ ဘယ်လိုဖြစ်ပျက်သွားသလဲဆိုတာ ခင်ဗျားတို့လည်း သိရှိပြီးဖြစ်လို့ ကျွန်တော် အများကြီးမပြောချင်တော့ပါဘူး။ ဘောလုံးလောကဆိုတာ ဒါပါပဲ”လို့ ဆိုပါတယ်။