
အိမ်ကွင်းပရိသတ်တွေနဲ့ အာဆင်နယ်ကို ဖိအားပေးသွားမယ်လို့ ဆိုလာတဲ့ ဟာကီမီ
ပီအက်စ်ဂျီနောက်ခံလူ ဟာကီမီက အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အိမ်ကွင်းပရိသတ်အင်အားနဲ့ ဖိအားပေးကစားသွားမယ့်အကြောင်း မီခေးလ်အာတီတာကို သတိပေးစကားဆိုလာခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ အက်စတွန်ဗီလာတို့ကို အိမ်ကွင်းမှာ အနိုင်ယူခဲ့ဖူးတာကြောင့် ယခုတစ်ခေါက် အာဆင်နယ်နဲ့ပွဲစဉ်မှာလည်း အနိုင်ရလဒ်ကို ဦးတည်ပြီးကစားလာဖို့ရှိနေပါတယ်။ ပထမအကျော့မှာ အာဆင်နယ်ကို ၀-၁ နဲ့အနိုင်ရထားခဲ့တဲ့ ပီအက်စ်ဂျီဟာ ဗိုလ်လုပွဲသို့ ခြေတစ်ဖက်လှမ်းထားနိုင်ပြီဖြစ်ပေမယ့် အိမ်ကွင်းမှာလည်း ပရိသတ်အင်အားအလုံးအရင်းနဲ့ အာဆင်နယ်ကို ဖိအားပေးနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
ပထမအကျော့မှာ ဒမ်ဘီလီရဲ့သွင်းဂိုးကြောင့် ပီအက်စ်ဂျီကိုရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်ကတော့ ယခုအခါ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်လို့ ရသမျှအခွင့်အရေးတွေကို အသုံးချနိုင်ဖို့ လိုအပ်နေပါတယ်။ ဟာကီမီက ပဲရစ်မြို့မှာကျင်းပသွားမယ့် ယခုပွဲစဉ်ဟာ ထူးခြားတဲ့ ပွဲစဉ်ဖြစ်မယ်လို့ သုံးသပ်ပြောကြားလာခဲ့ပါတယ်။
နောက်ခံလူက "ဒီညက အရမ်းထူးခြားတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ အသင်းရဲ့ပရိသတ်တွေကလည်း ကွင်းတွင်းမှာရော ကွင်းပြပမှာပါ ကျွန်တော်တို့ကို အားပေးဖို့အဆင်သင့်ရှိနေကြပါတယ်။ ကျွန်တော်တို့ကို အဆုံးအထိ အားပေးဖို့ လိုအပ်ပါတယ်။ ပရိသတ်အင်အားနဲ့ အာဆင်နယ်ကို ဖိအားပေးနိုင်ဖို့ အရေးကြီးပါတယ်"
"ဥပမာအနေနဲ့ မန်စီးတီးနဲ့ပွဲမှာ ကျွန်တော်တို့ ရှုံးနေရာကနေ ပြန်လာနိုင်ခဲ့တာက ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပါပဲ။ ဒီနေရာကိုရောက်ဖို့ ကျွန်တော်တို့ ဘယ်လောက်အထိ ကြိုးစားခဲ့ရတယ်ဆိုတာ ပရိသတ်တွေသိပါတယ်။ ပြီးတော့ သူတို့အတွက် ဒီဖလားဆွတ်ခူးဖို့ ဘယ်လောက်အထိ စိတ်အားထက်သန်နေတယ်ဆိုတာလည်း သိကြမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မေလ ၃၁ ရက်နေ့ မြူးနစ်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး အဆိုပါပွဲစဉ်သို့ ဘယ်အသင်းက တက်ရောက်သွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ပြင်သစ်လီဂူးဝမ်း အမှတ်ပေးဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပြီးဖြစ်တဲ့ ပီအက်စ်ဂျီက လိဂ် ၂ ပွဲသာဆက်လက်ကစားဖို့ကျန်ရှိတော့ပေမယ့် အာဆင်နယ်ကတော့ ပရီးမီးယားလိဂ်မှာ ၃ ပွဲအထိ ကစားဖို့ကျန်ရှိနေသေးပြီး နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်သွားရဦးမှာဖြစ်ပါတယ်။