The network connection is lost.

Banner Image

လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ မန်စီးတီးမှာ ဆက်ရှိချင်တယ်လို့ ပြောဆိုခဲ့တဲ့ ပက်ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာက အနည်းဆုံး လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ မန်စီးတီးနည်းပြအဖြစ် ဆက်ရှိချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ပက်ဂွါဒီယိုလာရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်၊ နွေရာသီကာလမှာ ကုန်ဆုံးဖို့ရှိနေပေမယ့် The Athletic သတင်းဌာနကတော့ မန်စီးတီးမှာ စပိန်သားရဲ့နောက်ဆုံးဘောလုံးရာသီ ဖြစ်လာနိုင်တယ်ဆိုတဲ့ ခံစားချက်တွေ တိုးပွားလာနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အနာဂတ်နဲ့ပတ်သက်လို့ ထပ်မေးမြန်းချိန် ပက်ဂွါဒီယိုလာက “ ကျွန်တော့်ရဲ့လုပ်ငန်းဆောင်တာတွေ၊ အထူးသဖြင့် ဒီရာထူးမှာ ကျွန်တော်ဘာလဲဆိုတာကို အမြဲတမ်းလိုလို အပြည့်အဝသိရှိထားပါတယ်။ သတင်းစာရှင်းလင်းပွဲတိုင်းကို မကြာခဏဆိုသလို ကျွန်တော် ရောက်ဖြစ်ပါတယ်။ ခင်ဗျားတို့ကလည်း ကျွန်တော့်ရဲ့အနာဂတ်အကြောင်း အမြဲတမ်းမေးသလို အဖြေကလည်း အမြဲတမ်းအတူတူပါပဲ။ ပြီးခဲ့တဲ့ဘောလုံးရာသီကတော့ အလွန်ခက်ခဲကြမ်းတမ်းလှပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်မလျှော့ဘဲ ဒီအသင်းမှာ ဆက်ရှိနေခဲ့ပါတယ်။ အခုဘောလုံးရာသီမှာတော့ ကျွန်တော်မြင်တွေ့ထားရတဲ့အရာတွေအရ ပြီးခဲ့တဲ့ရာသီထက် အများကြီးပိုကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီနေရာမှာ ဆက်ရှိနေတုန်းပါပဲ။

ဒါတွေအကုန်လုံးက ကျွန်တော့်ရဲ့ခံစားချက်အပေါ်မှာပဲ မူတည်တာပါ။ အခုအချိန်မှာ ကျွန်တော့်ရဲ့ခံစားချက်တွေ ကောင်းမွန်နေပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က ဒီအလုပ်ကို ဆက်လုပ်ချင်တာပါ။အပြောင်းအလဲရော ရှိလာနိုင်သလား? ရှိကောင်းရှိလာနိုင်ပါတယ်။ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ အဲ့ဒီလိုအပြောင်းအလဲမျိုး မရှိနိုင်သေးပါဘူး။ ကစားသမားတွေနဲ့အတူ တက်နိုင်သမျှ အကြာရှည်ဆုံး အလုပ်တွဲလုပ်ချင်ပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ပက်ဂွါဒီယိုလာက ကစားသမားသစ်တွေနဲ့အတူ အလုပ်တွဲလုပ်ရတဲ့စိန်ခေါ်မှုကြောင့် စိတ်အားထက်သန်နေတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ စပိန်သားနည်းပြက “ အမှန်ပါပဲ၊ ကစားသမားသစ်တွေရော၊ ဝန်ထမ်းသစ်တွေပါ ကျွန်တော့်ကို စိတ်လှုပ်ရှားစေပါတယ်။ ဆယ်စုနှစ်တစ်ခုလောက် ဒီကစားသမားတွေနဲ့ပဲ ကစားရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်လည်း ငြီးငွေ့သွားပါလိမ့်မယ်။ သူတို့ဆိုရင်လည်း ကျွန်တော့်ကို ဘယ်လောက်အထိ ငြီးငွေ့နေမလဲဆိုတာ တွေးတောင် မတွေးရဲပါဘူး။

အခုတော့ လူသစ်တွေ ရောက်လာပါပြီ။ ဒါကြောင့် သူတို့ကိုကူညီပေးချင်တယ်ဆိုတဲ့ ခံစားချက်မျိုး ရရှိနေပါတယ်။ အမှန်ပါပဲ၊ ကျွန်တော်လည်း နောက်ထပ်ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား၊ နောက်ထပ်ချန်ပီယံလိဂ်ဆုဖလား လိုချင်မိပါတယ်။ ဒါပေမဲ့ အဲ့ဒါက ကျွန်တော့်မနက်ခင်းတွေရဲ့ရည်မှန်းချက်ပန်းတိုင် မဟုတ်ပါဘူး။ ဒါက လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်ပါတယ်။ ခရီးစဉ်တစ်ခုပါ”လို့ ပြောပါတယ်။

ဆက်လက်ပြီး မန်စီးတီးနည်းပြက ကလပ်အသင်းမှထွက်ခွာချိန် သူ့ရဲ့နေရာမှာ ဘယ်သူ့ကို အစားထိုးသင့်သလဲဆိုတာ ပြောပြပိုင်ခွင့်မရှိဘူးလို့လည်း ရှင်းပြပါတယ်။ သူက “ No. ကျွန်တော် ဒီအသင်းမှာ ပျော်ရွှင်နေသလို ဆက်လည်းရှိနေချင်ပါတယ်။ ကျွန်တော် ဘာထပ်ပြောရဦးမှာလဲ? ကလပ်အသင်းကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ကျွန်တော်ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အဆုံးသတ်မှာ ရလဒ်တွေကပဲဖြစ်ဖြစ် ဆုံးဖြတ်ပေးလာပြီဆိုရင် ခင်ဗျားတို့လည်း သိကြပါတယ်၊ မန်စီးတီးရဲ့ အခုလိုအံ့မခန်းအခိုက်အတန့်တွေကို ဆက်လက်ထိန်းသိမ်းသွားဖို့အတွက် အကောင်းဆုံးလူတစ်ဦးကို ကလပ်အသင်းကိုယ်တိုင် ရွေးချယ်သွားပါလိမ့်မယ်။

ပြီးခဲ့တဲ့နှစ်တွေမှာလည်း ကောလာဟလတွေ အများကြီးထွက်ခဲ့ဖူးပါတယ်။ အခုဘာပြောနိုင်မလဲ? ကျွန်တော် ဆက်ရှိချင်ပါတယ်။ ပြီးတော့ ဘောလုံးရာသီကုန်ဆုံးချိန်ကိုလည်း စောင့်ကြည့်ကြတာပေါ့”လို့ ပြောပါတယ်။