The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင်အထိ ဆန်းတို့စ်မှာပဲ ဆက်ရှိနေဖို့အတွက် ဆွေးနွေးနေတဲ့ နေမာ

ဘရာဇီးပြည်တွင်းကလပ်ဆန်းတို့စ်က နေမာရဲ့စာချုပ်သက်တမ်းကို တိုးမြှင့်နိုင်ရန် ဆွေးနွေးနေပြီလို့ ESPN နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီမှ သိရပါတယ်။ဘရာဇီးတိုက်စစ်မှူးရဲ့လက်ရှိစာချုပ်က အခုလကုန်ပိုင်းမှာ သက်တမ်းကုန်ဆုံးဖို့ ရှိနေပါတယ်။ ဒါပေမဲ့ ဆန်းတို့စ်ကလပ်အသင်းအကြီးအကဲတွေနဲ့ နေမာရဲ့ဖခင်နဲ့ အေးဂျင့်ဖြစ်တဲ့ နေမာစီနီယာဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့အကြား ကစားသမားအတွက် ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင်အထိ သက်တမ်းရှိမယ့် ခြောက်လစာချုပ်ကို ချုပ်ဆိုဖို့ နားလည်မှုရရှိထားတယ်လို့ ESPN နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီမှ သိရပါတယ်။

အသက်-၃၃ နှစ်အရွယ်နေမာကတော့ အားလပ်ရက်အဖြစ် အမေရိကန်နိုင်ငံဆီ ရောက်ရှိနေပါတယ်။ ဘယ်ဒူးဒဏ်ရာကြောင့် ရုန်းကန်ရမှုတွေရှိပေမယ့် နေမာက ဆန်းတို့စ်ကို နောက်ဆုံးလိဂ်သုံးပွဲဆက်၊ လေးဂိုးသွင်းယူခြင်းဖြင့် ဘရာဇီးပြည်တွင်းထိပ်တန်းလိဂ်မှာဆက်ရှိနေဖို့ ကူညီပေးထားပါတယ်။

ဘာစီလိုနာနဲ့ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းက အခုနှစ်ကုန်မတိုင်ခင် ဘယ်ဒူးအဆစ်ဒဏ်ရာခွဲစိတ်ကုသမှု ခံယူမယ်လို့ မျှော်လင့်ရပါတယ်။ ဒီခွဲစိတ်ကုသမှုအတွက် လုပ်ငန်းစဉ်က ရှင်းလင်းပြတ်သားပြီး ဒဏ်ရာပြန်လည်သက်သာကောင်းမွန်စေဖို့ ခန့်မှန်းခြေအားဖြင့် တစ်လဝန်းကျင်တာ ကြာမြင့်ပါလိမ့်မယ်။
နေမာကတော့ သူ့ရဲ့ဦးစားပေးကိစ္စဟာ ရာသီကုန်အထိ ဆန်းတို့စ်နဲ့အတူဆက်ရှိနေဖို့ဖြစ်တယ်လို့ အတိအလင်းပြောဆိုခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်မှထွက်ခွာကာ ငယ်ဘဝကလပ်အသင်းဆီ ပြန်လည်ရောက်ရှိလာတဲ့ နေမာက လာမယ့်နှစ်မှာ သူ့ရဲ့လေးကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဆင်နွှဲနိုင်ဖို့ မျှော်လင့်နေပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဒဏ်ရာပြဿနာတွေကြောင့် လက်ရွေးစင်အသင်းမှာ ဘရာဇီးရဲ့သွင်းဂိုးအများဆုံးစံချိန်ရှင်ကစားသမား မပါဝင်နိုင်ခဲ့ပါဘူး။ နေမာက ၂၀၂၃ ခုနှစ်မှာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဘယ်ဒူးအရွတ်စုတ်ပြဲဒဏ်ရာနဲ့ ကြွက်သားစုတ်ပြဲဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ESPNနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေရဲ့အဆိုအရ ဆန်းတို့စ်က နေမာကို အားကစားစွမ်းဆောင်ရည်ပိုင်းသာမက ဈေးကွက်အရပါ တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတစ်ခုအဖြစ် မှတ်ယူထားတယ်လို့ သိရပါတယ်။ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုတွေ ရှိပေမယ့် နေမာက ဆန်းတို့စ်အတွက် ပွဲ ၃၀ ပါဝင်ကစား၊ ၁၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုခြောက်ကြိမ် ပြုလုပ်ပေးထားပါတယ်။