
ယူနိုက်တက်စတားဟောင်းကို ခေါ်ယူဖို့ မျက်စိကျလာတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်း ၂ သင်း
သတင်းတွေအရ ပရီးမီးယားလိဂ်ကလပ်အသင်း ၂ သင်းဟာ အခုနွေမှာ ယူနိုက်တက်စတားဟောင်း မေဆင်ဂရင်းဝုဒ်ကို ခေါ်ယူဖို့မျက်စိကျလာတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်သားဟာ မာဆေးလ်အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး ၃၅ ပွဲမှာ ၂၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
၂၀၂၃ တုန်းက ယူနိုက်တက်ကနေထွက်ခွာခဲ့ရတဲ့ မေဆင်ဟာ လိင်ပိုင်းဆိုင်ရာစွပ်စွဲခံရမှုကြောင့် ၂၀၂၂ ဇန်နဝါရီတုန်းက အဖမ်းခံခဲ့ရပါတယ်။ အဲ့နောက် ၂၀၂၃ ဖေဖော်ဝါရီမှာ လွတ်မြောက်ခဲ့ပေမယ့် ယူနိုက်တက်ဘက်က လက်မခံခဲ့တာကြောင့် မာဆေးလ်အသင်းထံပြောင်းရွှေ့ခဲ့ရပါတယ်။ တယ်လီဂရက်ဖ်သတင်းဌာနရဲ့အဆိုအရ ပရီးမီးယားလိဂ်ကလပ်အသင်း ၂ သင်းဟာ မေဆင်ကိုခေါ်ယူဖို့ မျက်စိကျနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
မေဆင် နဲ့ မာဆေးလ်တို့ကြားအခြေအနေကလည်း တင်းမာမှုတွေရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းက ပရိသတ်တွေဟာ မေဆင်ကိုအသင်းကနေထွက်ခွာဖို့ စာတန်းချိတ်ဆွဲခဲ့ကြတာဖြစ်ပါတယ်။ အင်္ဂလန်စတားဟောင်းကို ပရီးမီးယားလိဂ်အပြင် ဆော်ဒီ ၊ စပိန် ၊ အီတလီကလပ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။
သတင်းတွေအရ ကစားသမားကိုယ်တိုင်ဟာ မိခင်မြေအင်္ဂလန်ကိုပြန်လာနိုင်ချေရှိနေတယ်လို့ သိရပြီး ချိတ်ဆက်မှုတွေရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်မှာတုန်းက မေဆင်တစ်ယောက် အသင်းအတွက် ၁၂၉ ပွဲမှာ ၃၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး မရောင်းထုတ်ခင် ယူနိုက်တက်ရဲ့အလားအလာအရှိဆုံးလူငယ်တွေထဲကတစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက် နဲ့ မေဆင်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၅ နွေရာသီအထိရှိခဲ့ပေမယ့် လိင်ပိုင်းဆိုင်ရာအခြေအနေကြောင့် ၂ နှစ်စောပြီးထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အဲ့နောက် အင်္ဂလန်အသင်းကိုယ်စားပြုကနေ ဂျမေကာအသင်းကိုယ်စားပြုအဖြစ် ပြောင်းလဲခဲ့ပါတယ်။ မေဆင်ကို ရောင်းထုတ်မယ်လို့ ယူနိုက်တက်ဘက်က အတည်ပြုခဲ့ပြီး Women’s Aid အဖွဲ့ဘက်ကက အခုလိုဆုံးဖြတ်ချက်မျိုးကို ကြိုဆိုတယ်လို့ ထောက်ခံခဲ့ပါတယ်။
“ယူနိုက်တက် နဲ့ မေဆင်တို့ကြား လမ်းခွဲတော့မယ်ဆိုတဲ့သတင်းကို ကျွန်မတို့ သိခဲ့ရပါတယ်။ ဘောလုံးက တစ်ကမ္ဘာလုံးကပရိသတ်တွေ ချစ်မြတ်နိုးကြတဲ့အားကစားဖြစ်သလို ကစားသမားတော်တော်များများကိုလည်း ပရိသတ်တွေက အားကျကျပါတယ်။ ဒီလိုမျိုးလိင်ပိုင်းဆိုင်ရာပြဿနာရှိနေတဲ့ကစားသမားက အသင်းအတွက်ကော လူမှုပတ်ဝန်းကျင်အတွက်ပါ ထိခိုက်စေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။