The network connection is lost.

Banner Image

ချဲလ်ဆီးကို ရှုံးနိမ့်ပြီးနောက် နာကျင်စရာလဲပြိုမှုတစ်ခုအဖြစ် ညည်းတွားခဲ့တဲ့ ပိုစတီကိုဂလူ

ယမန်နေ့ညပိုင်း၊ ချဲလ်ဆီးကို နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီးမှ ၃-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်လန်ဒန်ဒါဘီနဲ့ ပတ်သက်လို့ တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူက နာကျင်ဖွယ်ရှုံးနိမ့်မှုတစ်ခုအဖြစ် ညည်းတွားပြောဆိုခဲ့ပါတယ်။ 

အခုပွဲစဉ်မှာ တော့တင်ဟမ်က ပွဲအစ ၁၁ မိနစ်အတွင်းမှာပဲ ဆိုလန်ကီ၊ ကူလူဆက်ဗ်စကီးတို့ရဲ့သွင်းဂိုးတွေနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ဆန်ချိုက ချဲလ်ဆီးအတွက် ချေပဂိုးသွင်းယူခဲ့လို့ တော့တင်ဟမ်တို့ ပထမပိုင်းပွဲချိန်အပြီး ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်ပြန်လည်စတင်လာချိန်မှာတော့ တော့တင်ဟမ်တို့ ဖိအားတွေအောက် ကျရောက်သွားခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့သွင်းဂိုးတွေကို ပြန်လည်ခွင့်ပြုပေးခဲ့ရပါတယ်။  ချဲလ်ဆီးက ကိုးလ်ပယ်လ်မာရဲ့ ပယ်နယ်တီသွင်းဂိုးနှစ်ဂိုး၊ အန်ဇိုဖာနန်ဒက်ဇ်ရဲ့သွင်းဂိုးတွေနဲ့အတူ ပွဲကိုနှစ်ဂိုးပြတ်ဦးဆောင်ခွင့် ရရှိခဲ့ပါတယ်။ 

နာကျင်အချိန်ပိုမှာတော့ ဆွန်ဟောင်မင်က တော့တင်ဟမ်အတွက် တတိယမြောက်ဂိုးသွင်းယူခဲ့ပေမယ့်  ဘုန်းမောက်ကို အရေးနိမ့်မှုအပြီး နောက်သုံးရက်အကြာမှာပဲ နောက်ထပ်ရှုံးပွဲတစ်ခုနဲ့ ထပ်မံရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ပိုစတီကိုဂလူကတော့ အခုပွဲစဉ်ရဲ့ရလဒ်နဲ့ စွမ်းဆောင်ရည်ပိုင်းဟာ ဆန့်ကျင်ဘက်ဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ပွဲစဉ်အပြီး Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် တော့တင်ဟမ်နည်းပြက “သေချာပေါက် နာကျင်စရာကိစ္စတစ်ခုပါ။ နာကျင်ရပါတယ်။ ကျွန်တော်တို့အသင်း ပွဲစဉ်ကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီးနောက် ရိုမဲရိုးကို လက်လွှတ်လိုက်ရလို့ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရပါတယ်။

တတိယဂိုးရရှိဖို့တောင် ကျွန်တော်တို့မှာ အခွင့်အရေးကောင်းတွေ ရှိခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ အသင်းက ပုံမှန်လိုမျိုးမဖြစ်နေတော့ဘဲ ပြိုင်ဘက်ရဲ့သွင်းဂိုးတွေ ခွင့်ပြုပေးခဲ့ရပါတယ်။ ပင်နယ်တီနှစ်ကြိမ်ပေးလိုက်ရတယ်ဆိုတာ သိပ်မကောင်းလှပါဘူး။ ကျွန်တော်တို့တွေ ဂိုးဧရိယာထဲမှာ စည်းကမ်းရှိရှိကစားနိုင်ဖို့ အနည်းငယ်တော့ လိုအပ်နေပါပြီ။

ပထမပိုင်းပွဲချိန်မိနစ် ၂၀ အတွင်းမှာပဲ အဓိကကစားသမားတစ်ဦးကို ဆုံးရှုံးလိုက်ရတာ အဓိကအချက် ဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်လည်း ဆက်မကစားနိုင်ခဲ့လို့ ဒါက စိတ်ကူးထားသလို မဖြစ်လာတော့ပါဘူး။ သီတင်းပတ်အလယ်ပွဲစဉ်မှာ ကျွန်တော်တို့အသင်း အကောင်းဆုံးမကစားနိုင်ခဲ့ပေမယ့် အခုပွဲစဉ်မှာတော့ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်ကလည်း ထိပ်တန်းကလပ်အသင်းတစ်ခုဖြစ်လို့ သူတို့တွေကို ဂုဏ်ပြုပေးသွားရပါမယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အဓိကအခိုက်အတန့်တွေမှာ အာရုံထွေပြားနေခဲ့ပါတယ်။

ကိုယ့်ပုံစံအတိုင်းကစားနေချိန်မျိုးမှာ ကျွန်တော်တို့အသင်းကို ရပ်တန့်ဖို့ခက်ခဲတယ်ဆိုတာ နားလည်ယုံကြည်ထားဖို့ လိုအပ်ပါတယ်။ ပင်နယ်တီနှစ်ကြိမ်ပေးလိုက်ရတာတော့ စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။ အခုလိုထိပ်တန်းပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရချိန်တိုင်းမှာ ပွဲရဲ့အရှိန်အဟုန်က အလျှင်အမြန် ပြောင်းလဲသွားနိုင်ပါတယ်”လို့ ပြောပါတယ်။

ချဲလ်ဆီးအသင်းအတွက် ပထမအကြိမ်ပယ်နယ်တီကို ကိုင်စီဒိုအပေါ် ဘစ်ဆူးမားရဲ့ဖျက်ထုတ်ရှင်းလင်းပုံကြမ်းတမ်းမှုမှတဆင့် ရရှိခဲ့ပြီး ဒုတိယပိုင်းပယ်နယ်တီကတော့ ကိုးလ်ပယ်မာအပေါ် ပါပေးဆားရဲ့ပြစ်ဒဏ်ကျူးလွန်မှုမှတဆင့် ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါပေမယ့် တော့တင်ဟမ်ဘက်ကလည်း ပထမပိုင်းပွဲချိန်အတွင်း ပါပေးဆားအပေါ် ကိုင်စီဒိုရဲ့ဖျက်ထုတ်ပုံဟာ တိုက်ရိုက်အနီကတ်ဖြစ်သင့်တယ်လို့ ယူဆခဲ့ပြီး ချဲလ်ဆီကွင်းလယ်လူရဲ့ကွင်းတွင်းဆက်လက်ရှိနေမှုအပေါ် စိတ်ပျက်ခဲ့ကြပါတယ်။

ကိုင်စီဒိုရဲ့အနီကတ်ပြစ်ဒဏ်ရှောင်လွှဲနိုင်မှုနဲ့ပတ်သက်လို့ ပိုစတီကိုဂလူက “ကျွန်တော်လည်း ရုပ်သံအနှေးပြကွက်တွေ ပြန်မကြည့်ရသေးပါဘူး။ဆုံးဖြတ်ချက်အချို့ကတော့ အတော်လေးညံ့ဖျင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ လက်ခံဖို့ လိုအပ်ပြီး ရှေ့ဆက်သွားရပါမယ်”လို့ ဆိုပါတယ်။