The network connection is lost.

Banner Image

၁၅ လကြာ အနားယူခဲ့ပြီးနောက် တော့တင်ဟမ်အသင်းလေ့ကျင့်ရေးကွင်းဆီ ပြန်လည်ရောက်ရှိလာတဲ့ ကူလူဆက်ဗ်စကီး

ဒူးဒဏ်ရာကြောင့် ၁၅ လကြာ အနားယူခဲ့ရတဲ့ ကူလူဆက်ဗ်စကီးက တော့တင်ဟမ်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေဆီ အပြည့်အ၀ပြန်လည်ပူးပေါင်းနိုင်ပြီလို့ ကြေညာခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားက သူတို့အသင်း ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်မှုနဲ့ ပရီးမီးယားလိဂ်နှစ်ရာသီဆက် အမှတ်ပေးဇယားအဆင့်-၁၇ နေရာမှာ ရာသီသိမ်းမှုတွေကို ကွင်းဘေးမှတဆင့် စောင့်ကြည့်နေခဲ့ရပါတယ်။

တော့တင်ဟမ်အတွက် ကူလူဆက်ဗ်စကီး နောက်ဆုံးကစားပေးခဲ့တဲ့ပွဲစဉ်က ၂၀၂၅ ခုနှစ်၊ မေ ၁၁ ရက်၊ ခရစ္စတယ်ပဲလေ့စ်ကို နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဖြစ်ပါတယ်။

ကနဦးမှာ ဒဏ်ရာအခြေအနေမဆိုးရွားဖို့ မျှော်လင့်ထားခဲ့ကြပေမဲ့ သုံးရက်အကြာမှာတော့ သူ့ရဲ့ဒဏ်ရာကို ခွဲစိတ်မှုခံယူဖို့ မဖြစ်မနေလိုအပ်လာခဲ့ပါတယ်။

လတ်တလောမှာ ကူလူဆက်ဗ်စကီးက Instagram မှတစ်ဆင့် မယုံနိုင်စရာ ၄၇၇ ရက်တာကာလအပြီး ပုံမှန်လေ့ကျင့်ရေးတွေ ပြန်လည်လုပ်ဆောင်နေပြီလို့ အတည်ပြုခဲ့ပါတယ်။

"ကိုယ်မလုပ်နိုင်သရွေ့ အရာအားလုံးကို မဖြစ်နိုင်ဘူးလို့ ယူဆတတ်ပါတယ်။ အံ့ဖွယ်အရာတစ်ခုကို မြင်တွေ့ချင်ပါသလား? ကိုယ်တိုင်သာ အဲ့ဒီလိုအရာကို မရမနေလုပ်ဆောင်ကြည့်လိုက်ပါ" လို့ ကူလူဆက်ဗ်စကီးက ရေးသားခဲ့ပါတယ်။ 

သူက ဒဏ်ရာရရှိပြီးနောက် ဖြတ်သန်းခဲ့ရတဲ့ နာကျင်ဖွယ်ကာလတွေ၊ သံသယတွေ၊ ခွဲစိတ်မှုတွေနဲ့ ရေတွက်လို့တောင်မရနိုင်တဲ့ ပြန်လည်ထူထောင်ရေးလေ့ကျင့်မှုအချိန်တွေအကြောင်း ဆွီဒင်ဘာသာစကားဖြင့် ရေးသားထားတဲ့ စာတစ်စောင်ရဲ့ပုံရိပ်ကိုလည်း ဖော်ပြခဲ့ပါတယ်။

"ဒီနေ့မှာတော့ ရှိသင့်ရှိထိုက်တဲ့နေရာဆီ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ" လို့ ကူလူဆက်ဗ်စကီးက ဆိုပါတယ်။