The network connection is lost.

Banner Image

ကိုမိုကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး နေအိမ်ဖောက်ထွင်းခံလိုက်ရတဲ့ ဘရူနိုဖာနန်ဒက်စ်

ဗုဒ္ဓဟူးနေ့ညက ဘရူနိုဖာနန်ဒက်စ်အတွက်တော့ နှစ်ထပ်ကွမ်း အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ကိုမိုအသင်းကို မန်ချက်စတာယူနိုက်တက်က ၄ - ၁ ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲပြီးခရာမှုတ်ပြီး သိပ်မကြာခင်မှာပဲ ချက်ရှိုင်းယားမှာရှိတဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမားရဲ့ နေအိမ် ဖောက်ထွင်းခံခဲ့ရတာ ဖြစ်ပါတယ်။

အနီးနားရှိ နေအိမ်ခြံဝင်းတစ်ခုထဲမှာ အမည်မသိ အမျိုးသား သုံးဦးရဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို သတင်းပို့ချက်ရရှိပြီးနောက် ဒေသစံတော်ချိန် ည ၈ နာရီခွဲခန့်မှာ သတိပေးချက်တစ်ခု ရရှိခဲ့တယ်လို့ ချက်ရှိုင်းယားရဲတပ်ဖွဲ့က The Athletic ဆီ အတည်ပြုခဲ့ပါတယ်။

ရဲအရာရှိတွေ အခင်းဖြစ်ပွားရာဆီ ရောက်ရှိလာချိန်မှာတော့ သံသယရှိသူတွေက ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီဖြစ်ပေမဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ရဲ့ နေအိမ် ဖောက်ထွင်းခံခဲ့ရပြီး ပစ္စည်းအများအပြား ခိုးယူခံခဲ့ရတာကို တွေ့ရှိခဲ့ကြပါတယ်။

ရာဇဝတ်မှုဖြစ်ပွားချိန် ဘရူနိုဖာနန်ဒက်စ်ရဲ့ မိသားစုဝင်တွေ နေအိမ်မှာ ရှိမနေခဲ့ကြဘူးလို့ ယူနိုက်တက်က ပြောကြားခဲ့သလို တာဝန်ရှိသူတွေ ရောက်မလာခင်မှာ ကျူးကျော်သူတွေက နေအိမ်အတွင်း ငါးမိနစ်အောက်သာ ရှိနေခဲ့ကြတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ကတော့ ကွင်းလယ်လူအတွက် လိုအပ်တဲ့ အကူအညီ အားလုံးကို ထောက်ပံ့ပေးနေတယ်လို့ ဆိုသလို ဒီလို ခက်ခဲတဲ့ အချိန်အတွင်း ကစားသမားနဲ့ သူ့ရဲ့ မိသားစုဝင်တွေရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုကို လေးစားပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။ အခု ဖောက်ထွင်းခိုးယူမှုအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။