
နော်တင်ဟမ်ဖောရက်စ်ကို နေရာမှန်ဆီ ပြန်ခေါ်ဆောင်သွားပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ပိုစတီကိုဂလူ
ယမန်နေ့(ဗုဒ္ဓဟူးနေ့)မှာ နော်တင်ဟမ်ဖောရက်စ်နည်းပြသစ်ပိုစတီကိုဂလူက အခုလိုပရီးမီးယားလိဂ်ရပ်ဝန်းဆီ ပြန်လည်ရောက်ရှိလာမှုအတွက် မာန်မာနမရှိ၊ စိတ်လှုပ်ရှားမိပြီး အသင်းကို အင်္ဂလန်ဘောလုံးလောကရဲ့ ရှိသင့်ရှိထိုက်တဲ့နေရာမှန်ဆီ ပြန်လည်ခေါ်ဆောင်သွားပေးဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
အသင်းပိုင်ရှင်မာရင်နာကစ်နဲ့ ဆက်ဆံရေးပြိုကွဲပြီးနောက် အင်္ဂါနေ့မှာပဲ ဖောရက်စ်အသင်းမှထုတ်ပယ်ခံခဲ့ရတဲ့ ပေါ်တူဂီလူမျိုးနည်းပြနူနိုဆန်းတို့စ်နေရာမှာ အသက်-၆၀ နှစ်အရွယ် သြစတြေးလျအသင်းနည်းပြဟောင်းက အစားထိုးတာဝန်ယူသွားပါလိမ့်မယ်။
ပိုစတီကိုဂလူကလည်း တော့တင်ဟမ်အသင်းအတွက် ၂၀၀၈ ခုနှစ်နောက်ပိုင်း၊ ပထမဆုံးမေဂျာဆုဖလားအဖြစ် မေလမှာ ယူရိုပါလိဂ်ချန်ပီယံဆုကို ရယူပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အဆင့်-၁၇ နေရာနဲ့ စိတ်ပျက်ဖွယ်ရာသီပိတ်သိမ်းခဲ့လို့ ဇွန်လအတွင်း ရာထူးမှထုတ်ပယ်ခံခဲ့ရပါတယ်။
အာဆင်နယ်နဲ့ထိပ်တိုက်တွေ့မယ့် စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ဖောရက်စ်နည်းပြသစ်က “ ကျွန်တော် စိတ်လှုပ်ရှားနေပြီး ဒီအခွင့်အရေးကိုပဲ စောင့်မျှော်နေခဲ့တာပါ။ ဒီကလပ်အသင်းနဲ့အတူ ရှိနေရလို့ တကယ့်ကို ပျော်ရွှင်မိပါတယ်။ ဒီကလပ်အသင်းမှာ စစ်မှန်တဲ့ရည်မှန်းချက်တွေရှိပြီး ဒါက ကျွန်တော့်အတွက် အထူးအရေးကြီးပါတယ်။ ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အသင်းလူစာရင်းတစ်ခု ရှိပါတယ်”လို့ ပြောပါတယ်။
၁၉၇၉၊၁၉၈၀ ပြည့်နှစ်တွေမှာ ဥရောပချန်ပီယံဆုကို ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်က အခုဘောလုံးရာသီမှာလည်း နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပအဆင့်ပြိုင်ပွဲတစ်ရပ်ဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်နွှဲသွားရပါလိမ့်မယ်။
၁၉၇၈ ခုနှစ်၊ အင်္ဂလန်ချန်ပီယံတွေက ပရီးမီးယားလိဂ်ဆီ ၂၀၂၂ ခုနှစ်မှာ တန်းပြန်တက်လာခဲ့ပြီး အင်္ဂလန်ထိပ်တန်းလိဂ်ကို လေးနှစ်ဆက်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။
ပိုစတီကိုဂလူက “ အခြားတန်းတက်ကလပ်အသင်းတွေဆိုရင် ပရီးမီးယားလိဂ်မှာ ရှင်သန်နိုင်ဖို့ ရုန်းကန်ရပေမဲ့ ကျွန်တော်တို့ကတော့ အချိန်တိုလေးအတွင်းမှာပဲ ဥရောပအဆင့်ဆီ တက်လှမ်းနိုင်ပြီး ဂုဏ်သိက္ခာပိုင်းအတွက် ယှဉ်ပြိုင်သွားကြရပါတော့မယ်။ ဒါက အခုလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်သူတိုင်းအတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။
ကလပ်အသင်းဘက်ကလည်း ဒီထက်ပိုပြီး အောင်မြင်မှုတွေ လိုချင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါက ကျွန်တော်ရဲ့ဆန္ဒနဲ့ တစ်ထပ်တည်းကျပါတယ်။ ဒါကြောင့် တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ ကာလတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ဂုဏ်ယူမိသလို မာန်မာနလည်း မရှိပါဘူး။ ဒါပေမဲ့ အရေးအကြီးဆုံးအရာအဖြစ် ကျွန်တော်ဆုံးဖြတ်ထားတာကတော့ ဒီကလပ်အသင်းကို နေရာမှန်ဆီ ပြန်ပို့ပေးဖို့ပါပဲ”လို့ ဆက်ပြောပါတယ်။