
ရော်ဂျာစ်ဟာ မန်စီးတီးမှာကတည်းက ထူးခြားတဲ့ကစားသမားဖြစ်တယ်လို့ ဆိုလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အသင်းမှထွက်ခွာပြီးနောက် အက်စတွန်ဗီလာသို့ပြောင်းရွှေ့သွားခဲ့တဲ့ မော်ဂန်ရော်ဂျာစ်နဲ့ပတ်သက်ပြီး ကစားသမားဟာ အီတီဟတ်မှာကတည်းက ထူးခြားတဲ့စွမ်းရည်ကို ပိုင်ဆိုင်တယ်ဆိုတာ သိနေခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့နံနက်မှာ မန်စီးတီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယခုပွဲစဉ်ကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေတာဖြစ်ပါတယ်။ မန်စီးတီးဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၇ နေရာက အက်စတွန်ဗီလာနဲ့ ရမှတ် ၁ မှတ်သာကွာဟတာကြောင့် အချိန်မရွေးအဆင့်ကျသွားနိုင်ပါတယ်။
ယခုရာသီမှာ ရော်ဂျာစ်ဟာ အက်စတွန်ဗီလာအတွက် အလွန်အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်ထားနိုင်ပြီး ပရီးမီးယားလိဂ်မှာ ၈ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ၂၀၁၉ နဲ့ ၂၀၂၃ ခုနှစ်အတွင်း မန်စီးတီးမှာနေထိုင်ခဲ့ပေမယ့် ပထမအသင်းအတွက် ပွဲထွက်ခွင့်မရခဲ့ပါဘူး။ထို့နောက်မှာတော့ အင်္ဂလန်သားဟာ လင်ကွန်းစီးတီး၊ ဘုန်းမောက်နဲ့ ဘလက်ပူးလ်တို့ကို အငှားစာချုပ်နဲ့ထွက်ခွာခဲ့ရပြီး မစ်ဒယ်ဘရော့သို့ ရောင်းချခံခဲ့ရပါတယ်။
အက်စတွန်ဗီလာဟာ ရော်ဂျာစ်ကို မစ်ဒယ်ဘရော့မှ ပေါင် ၁၅ သန်းနဲ့ဝယ်ယူခဲ့ပြီး အူနိုင်းအမ်မရီလက်အောက်မှာ တိုးတက်လာခဲ့ကာ ယခုအခါမှာတော့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရပြီဖြစ်ပါတယ်။ အက်စတွန်ဗီလာနဲ့ပွဲစဉ်မတိုင်မီ ဂွါဒီယိုလာက "သူက မန်စီးတီး ဒုတိယအသင်းမှာရှိနေခဲ့ပြီး တစ်ခါတလေမှာ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ရေးဆင်းပါတယ်။ ကျွန်တော်တို့ သူ့ဆီက တစ်စုံတစ်ခုကို မြင်တွေ့ခဲ့ပါတယ်။ အခုချိန်မှာတော့ သူက ဗီလာအတွက် ကြီးမားတဲ့သက်ရောက်မှုရှိတဲ့ကစားသမားပါ။ ကျွန်တော်တို့အသင်းမှာကတည်းက သူက ထူးခြားတဲ့စွမ်းရည်ရှိခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးနဲ့ ဗီလာတို့ဟာ ဗုဒ္ဓဟူးနေ့နံနက် အီတီဟတ်မှာ ယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်တွေ အားကောင်းလာမှာဖြစ်ပါတယ်။