ယူနိုက်တက်ရဲ့ ပေါင်သန်း ၁၀၀ တန် ပစ်မှတ်ကစားသမားကို မိုက်ကယ်ကာရစ် အခိုင်အမာ ထောက်ခံ
မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာရဲ့ အဓိက ကစားသမား မော်ဂန်ရော်ဂျာကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။
ရော်ဂျာဟာ ဗီလာအသင်းအတွက် အံ့အားသင့်စရာကောင်းတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး အသင်းရဲ့ နှစ်ပေါင်း ၃၀ ကြာ ဆုဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်ပေးနိုင်ခဲ့တဲ့ ဖရိုင်းဘတ်အသင်းနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း ဂိုးသွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ကစားသမားလေးဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အသင်းတွေအပါအဝင် ဥရောပထိပ်သီးကလပ်တွေရဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်။ ဒါဟာ အက်စတွန်ဗီလာအသင်းအနေနဲ့ အသင်းရဲ့ အသုံးစရိတ်ဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာဖို့အတွက် သူတို့ရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်ကို ရောင်းထုတ်ဖို့ လိုအပ်နေတယ်လို့ သတင်းထွက်ပေါ်လာပြီးနောက်မှာ အခုလို စိတ်ဝင်စားမှုတွေ မြင့်တက်လာတာပါ။
အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူး၊ မန်စီးတီးနဲ့ အခုနောက်ဆုံး မန်ချက်စတာယူနိုက်တက်တို့ဟာ ရော်ဂျာကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသထားကြပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ မိုက်ကယ်ကားရစ်ဟာ ဒီအင်္ဂလန်လက်ရွေးစင်ကစားသမားကို အခိုင်အမာ ထောက်ခံပေးနေသူတစ်ဦး ဖြစ်ပါတယ်။
ကားရစ်ဟာ မစ်ဒယ်ဘရော့အသင်းမှာ ရှိစဉ်က အားကောင်းမောင်းသန် တိုက်စစ်ကွင်းလယ်လူ ရော်ဂျာနဲ့ အတူတူ အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ဗီလာအသင်းကို ပြောင်းရွှေ့ပြီးနောက်ပိုင်း ရော်ဂျာရဲ့ အံ့မခန်းတိုးတက်လာမှုအပေါ် အထူးသဘောကျနေတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ဘောလုံးဒါရိုက်တာ ဂျေဆန်ဝီလ်ကော့စ်ကလည်း ရော်ဂျာရဲ့ အရည်အချင်းကို သဘောကျနေပေမဲ့ ယူနိုက်တက်ရဲ့ အသုံးစရိတ်အများစုကို တခြားနေရာတွေမှာ အားဖြည့်ဖို့ အာရုံစိုက်ထားရတဲ့အတွက် ရော်ဂျာကို ခေါ်ယူဖို့ လိုအပ်တဲ့ ငွေကြေးအလုံအလောက် ရှိ၊ မရှိဆိုတာကတော့ စဉ်းစားစရာ ဖြစ်နေပါတယ်။
ဗီလာအသင်းက ရော်ဂျာအတွက် ပေါင်သန်း ၁၀၀ ဝန်းကျင် အလိုရှိနေတာကြောင့် ဘယ်ထိပ်သီးကလပ်ကမှ ဒီဈေးနှုန်းကို ပေးချေမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။