ဂွါဒီယိုလာ တကယ်မထွက်ခွာခင်မှာ အသင်းကနေထွက်ဖို့ အကြိမ် ၁၀၀ လောက် ပြောခဲ့ဖူးတယ်လို့ မန်စီးတီးဥက္ကဋ္ဌ ထုတ်ဖော်ပြောကြား
မန်စီးတီးဥက္ကဋ္ဌ ခါဒွန်းအယ်လ်မူဘာရက်က ပက်ဂွါဒီယိုလာဟာ ဒီရာသီကုန်မှာ အသင်းကနေ တကယ်မထွက်ခွာခင်အချိန်အထိ အသင်းကနေထွက်ဖို့ အကြိမ်ပေါင်း ၁၀၀ လောက်အထိ ကြံစည်ခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဂွါဒီယိုလာဟာ အက်တီဟတ်ကွင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းခဲ့ချိန်အတွင်း ပရီမီယံလိဂ်ဖလား ၆ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပြီးနောက်မှာ အသင်းကနေ နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးနဲ့အတူ အံ့အားသင့်စရာကောင်းတဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမဲ့ စိတ်ခံစားမှုပြင်းထန်တတ်တဲ့ အဲဒီစပိန်လူမျိုးနည်းပြဟာ အသင်းကို တာဝန်ယူစဉ်အတွင်း အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အချိန်တိုင်းမှာ အမြဲတမ်းလိုလို နုတ်ထွက်ဖို့ စဉ်းစားခဲ့တယ်လို့ ခါဒွန်းက ဆိုပါတယ်။
"လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ကျွန်တော်တို့တွေ အနိမ့်အမြင့်၊ အတက်အကျတွေ အများကြီး ရှိခဲ့ပါတယ်။ အခက်အခဲတွေ ကြုံရတဲ့အချိန်တိုင်း သူဟာ အသင်းကနေထွက်ဖို့ အကြိမ်ပေါင်း ၁၀၀ လောက် ပြောခဲ့တာကိုလည်း မှတ်တမ်းတင်ထားရမှာပါ" လို့ ကြာသပတေးနေ့က မန်စီးတီးမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ သူက ပြောကြားခဲ့တာပါ။
"လူတိုင်းသိကြတဲ့ 'သိုးကျောင်းသားနဲ့ ဝံပုလွေ' ပုံပြင်လိုပါပဲ။ ပက်က 'ငါ အသင်းကနေ ထွက်တော့မယ်' လို့ ပြောလိုက်တိုင်း သူတကယ်ထွက်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အဲဒါကို အတည်ကြီးသွားယူလို့မရသလို သူ့ကို ပြန်ပြီးထိန်းကျောင်းပေးဖို့ လိုပါတယ်"
"သူထွက်မယ်လို့ ပြောတိုင်း၊ ဒါမှမဟုတ် အချိန်တန်ပြီလို့ သူယူဆတဲ့အချိန်တိုင်းမှာ သူပြန်လာဖို့ ကျွန်တော် အမြဲတမ်း ဖျောင်းဖျခဲ့ပါတယ်။ တကယ်ပဲ သူထွက်ရမယ့်အချိန် ရောက်လာပြီဆိုတာ ကျွန်တော်သိလိုက်ရတဲ့အချိန်အထိပေါ့။ အခုတော့ အဲဒီအချိန်ကို ရောက်လာခဲ့ပြီဖြစ်လို့ ကျွန်တော်လည်း သူ့ကို ဆက်ပြီး မတားဆီးတော့တာပါ"
ဂွါဒီယိုလာဟာ မန်စီးတီးနဲ့အတူ ဆုဖလားပေါင်း ၂၀ အထိ ဆွတ်ခူးနိုင်ခဲ့ပြီး နောက်ဆုံးနှုတ်ဆက်တဲ့ရာသီမှာတောင် အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂွါဒီယိုလာက အသင်းကို ရှေ့ဆက်တွန်းတင်ဖို့ လိုအပ်တဲ့ အင်အားတွေ သူ့မှာ မရှိတော့ဘူးလို့ ဝန်ခံခဲ့ပြီးနောက်မှာ အသင်းကနေ နုတ်ထွက်သွားခဲ့တာပါ။
'အထွတ်အထိပ်ကို မရောက်သေးဘူး'
မန်စီးတီးဟာ ပရီမီယံလိဂ်ဖလားနဲ့ ဝေးကွာနေတာ နှစ်နှစ်ရှိပြီဖြစ်ပြီး ဒီရာသီမှာလည်း ချန်ပီယံ အာဆင်နယ်ရဲ့နောက် ၇ မှတ်အကွာနဲ့ ဒုတိယနေရာမှာပဲ အဆုံးသတ်ခဲ့ရတာကြောင့် သူတို့အသင်းဟာ အရင်ကလောက် မတောင့်တင်းတော့ဘူးလို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
အဲဒီဝေဖန်မှုတွေအပေါ် ခါဒွန်းက "ကျွန်တော်တို့တွေ အထွတ်အထိပ်ကို မရောက်သေးပါဘူး။ ကျွန်တော်တို့ရဲ့ သွေးထဲမှာကိုက အနိုင်ရလိုတဲ့စိတ်ဓာတ်တွေ ရှိနေပြီးသားပါ။ ဒီကလပ်အသင်းဟာ အောင်နိုင်ဖို့အတွက်ပဲ ရည်ရွယ်ပြီး တည်ဆောက်ထားတာပါ" လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
"ဒီနွေရာသီမှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ထပ်လုပ်သွားမှာဖြစ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်မှုရှိပါတယ်။ လာမယ့်နှစ်မှာ ကျွန်တော်တို့တွေ အရင်ထက် ပိုမိုတောင့်တင်းတဲ့ ပုံစံနဲ့ ပြန်လာနိုင်မယ်လို့ ထင်ပါတယ်"
ဂွါဒီယိုလာရဲ့ နေရာမှာ အစားထိုးဖို့အတွက် ချယ်လ်ဆီးနည်းပြဟောင်း အန်ဇို မာရက်စကာကို မကြာခင်မှာ ခန့်အပ်သွားဖို့ ရှိနေပါတယ်။
မာရက်စကာဟာ ချယ်လ်ဆီးနဲ့အတူ ကွန်ဖရင့်လိဂ်ဖလားနဲ့ ကမ္ဘာ့ကလပ်များဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သလို ၂၀၂၂-၂၃ ရာသီမှာလည်း မန်စီးတီးအသင်းမှာ ဂွါဒီယိုလာရဲ့ လက်ထောက်အဖြစ် တာဝန်ယူခဲ့ဖူးသူပါ။
မန်စီးတီးရဲ့ နည်းပြသစ် ရှာဖွေရေး အစီအစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ခါဒွန်းက "လောလောဆယ် ကျွန်တော်ပြောနိုင်တာကတော့ ကျွန်တော်တို့တွေ သေချာစဉ်းစားပြီး စနစ်တကျ လုပ်ဆောင်နေပါတယ်။ ဒီကလပ်အတွက် အသင့်တော်ဆုံးနည်းပြကို ခေါ်ယူနိုင်လိမ့်မယ်လို့ အသင်းရော ကျွန်တော်ပါ ယုံကြည်ပါတယ်" လို့ ပြောပါတယ်။
"ခဏလောက်ပဲ စောင့်ပေးကြပါ။ မကြာခင်မှာ ကျွန်တော်တို့ ကြေညာပေးသွားမှာဖြစ်သလို အကောင်းဆုံးနည်းပြတစ်ဦးကို ကျွန်တော်တို့ ရွေးချယ်နိုင်ခဲ့တာကိုလည်း အားလုံး မြင်တွေ့ရမှာပါ" ဆို့ ၎င်းက ဆိုပါသည်။