ချန်ပီယံလိဂ် ချန်ပီယံဆုကို ဆွတ်ခူးဖို့ ရည်မှန်းထားကြောင်း အမ်မရီပြောကြား
အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက လာမယ့်ရာသီသစ်မှာ သူ့အသင်းရဲ့ ရည်မှန်းချက်တွေကို ပိုမိုချဲ့ထွင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
အမ်မရီရဲ့အသင်းဟာ ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၄ နေရာ ရရှိခဲ့တာကြောင့် ဥရောပရဲ့ ထိပ်တန်းကလပ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ အမ်မရီရဲ့လက်ထက်မှာ တစ်ဖြည်းဖြည်းနဲ့ ပိုမိုအားကောင်းလာခဲ့ပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေနဲ့ ဥရောပက အသင်းကြီးတွေကိုပါ အခက်တွေ့အောင် လုပ်နိုင်ခဲ့သလို အမြဲတမ်းလည်း ရှေ့ဆက်တိုးတက်နေတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်မှန်းထားချိန်မှာပဲ အမ်မရီက ကလပ်အသင်းရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ အဲဒီရည်မှန်းချက်တွေဟာ တကယ်ကို ကြီးမားလွန်းတယ်လို့ ဆိုရမှာပါ။
"နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ဖြတ်သန်းမှုနဲ့ လုပ်ငန်းစဉ်တွေက အချိန်တိုင်းမှာ အသင်းတစ်သင်းချင်းစီရဲ့ အခြေအနေပေါ် မူတည်ပြီး စဉ်းစားတွေးခေါ်မှုတွေအပေါ် အခြေခံပါတယ်။ 'ကျွန်တော်တို့ ဘယ်လောက်အထိ ခရီးပေါက်နိုင်မလဲ၊ နောက်ဆုံးအတားအဆီးက ဘယ်မှာလဲ' ဆိုတာကို ကိုယ့်ကိုယ်ကိုယ် မေးလေ့ရှိပြီး အဲဒီအတားအဆီးကို ကျော်ဖြတ်နိုင်ဖို့လည်း ကြိုးစားပါတယ်" လို့ ၎င်းက ဆိုပါတယ်။
"အက်စတွန်ဗီလာရဲ့ သမိုင်းကြောင်းမှာ ဥရောပဖလား (European Cup) တစ်လုံး ရဖူးသလို အခုလည်း ယူရိုပါလိဂ်ဖလား တစ်လုံး ရထားပါပြီ၊ ဒါဆိုရင် ကျွန်တော်တို့အတွက် စိန်ခေါ်မှုက ဘာဖြစ်မလဲ။
အဲဒါကတော့ အောင်ပွဲခံဖို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ပါပဲ။ အာဆင်နယ် ဒါမှမဟုတ် မန်စီးတီးတို့နဲ့ အဆင့်ချင်း နီးစပ်သွားမလားဆိုတာ ကျွန်တော် မသိပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကတော့ ကျွန်တော်တို့ သူတို့နဲ့အတူ ရှိနေခဲ့ပါတယ်။ 'ကျွန်တော်တို့ ဒီမှာ ရှိနေပြီ' လို့ ပြောနိုင်ဖို့အတွက် ကျွန်တော်တို့မှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ အင်အားတွေ လိုအပ်ပါတယ်" လို့ အမ်မရီက ပြောပါတယ်။
"အက်စတွန်ဗီလာမှာ ကျွန်တော်တို့ဟာ ထူးခြားတဲ့ တိုးတက်မှုတွေနဲ့အတူ အဆင့်ဆင့် ပြောင်းလဲတိုးတက်နေတဲ့ ဖြစ်စဉ်တစ်ခုအတွင်းမှာ ရှိနေပါတယ်။ နှစ်တိုင်းမှာလည်း တိုးတက်အောင် ခြေလှမ်းသစ်တွေ လှမ်းချင်သလို ကလပ်အသင်းဘက်ကလည်း အဲဒီလိုလုပ်ဖို့ ဆန္ဒရှိပါတယ်။ ဒါကြောင့် ကျွန်တော် ကျေနပ်အားရမှု ရှိပါတယ်" လို့လည်း ဆိုပါတယ်။
ရာသီမစတင်မီမှာတော့ အက်စတွန်ဗီလာအသင်းဟာ ဥရောပရဲ့ အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ စူပါဖလားပွဲစဉ် ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ဒါဟာ အမ်မရီအတွက်တော့ သမိုင်းသစ် ထပ်မံရေးထိုးနိုင်ဖို့နဲ့ ကလပ်အသင်းရဲ့ ကြီးမားလာတဲ့ ရည်မှန်းချက်တွေအတွက် အဓိက စမ်းသပ်ချက်တစ်ခုလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။